စပိန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ သူတို့အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား အာတူရို ဗီဒယ်ကို အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ပြုလိုက်ပြီ လို့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ချီလီ ကွင်းလယ် ခံစစ် ကစားသမား ဗီဒယ်ဟာ ဘာစီလိုနာအသင်းကို ရောက်ရှိလာတဲ့ နည်းပြသစ် ကိုးမန်းရဲ့ အနာဂတ် စီမံကိန်းတွေမှာ မပါဝင်တော့တာကြောင့် ဘာစီလိုနာအသင်း ကနေ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ အချိန် အတော်ကြာအောင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သူပါ။

Photo Credit: Express

 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း ကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စတင် ကြိုးပမ်းလာခဲ့ပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက အသက် ၃၀ အထက် ကစားသမားတွေကို ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ရှင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူး ဆွာရက်ဇ် ၊ ကွင်းလယ်လူတွေ ဖြစ်တဲ့ ရာကီတစ်နဲ့ ဗီဒယ် ၊ ခံစစ်ကစားသမား ဖြစ်တဲ့ အမ်တီတီ တို့ ပါဝင်နေပြီး ရာကီတစ်ဟာ ဘာစီလိုနာအသင်း ကနေ ပထမဦးဆုံး ထွက်ခွာသွားခဲ့သူ ဖြစ်ကာ လက်ရှိမှာတော့ ဗီဒယ်ဟာလည်း ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Photo Credit: Express

နာမည်ကြီးသတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဗီဒယ်ရဲ့ အပြောင်းအရွှေ့အတွက် အင်တာမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေ အားလုံး ပြီးပြတ်ခဲ့ပြီ ဖြစ်ကာ မကြာမီမှာပဲ ဗီဒယ်ဟာ အီတလီ နိုင်ငံ မီလန်မြို့ဆီ သွားရောက်တော့မယ် လို့ သိရှိရပါတယ်။ ဗီဒယ်ဟာ အင်တာမီလန် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာ ဖြစ်တာ မှန်ပေမယ့် ယခုရက်ပိုင်း အတွင်းမှာတော့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ် လာဖွယ် မရှိပဲ လာမယ့်အပတ်မှသာ တရားဝင် ဖြစ်ပေါ်လာဖွယ် ရှိကြောင်းလည်း Romano က ဆိုထားပါတယ်။ ဗီဒယ်ဟာ အင်တာမီလန်အသင်းမှာ သူ့ရဲ့ ဆရာဟောင်းတစ်ဦး ဖြစ်တဲ့ ကွန်တီနဲ့ ပြန်လည် ပေါင်းစည်းရတော့မှာလည်း ဖြစ်ပါတယ်။