စပိန် လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ချီလီကွင်းလယ်လူ ဗီဒယ် ကတော့ ယနေ့ခေတ် ဘောလုံးကမ္ဘာထဲမှာ ဘာစီလိုနာအသင်းအနေနဲ့ အခြားအသင်းတွေကို လိုက်မှီဖို့ အတွက် အသင်းရဲ့ DNA ဆိုတဲ့ လှပတဲ့ ဘောလုံး ကစားဟန်ကို မေ့ဖျောက်ပစ်ဖို့ လိုအပ်တယ် လို့ အသင်းကို သတိပေးသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကို ဖလားလက်မဲ့ ဘောလုံးရာသီအဖြစ် ဖြတ်ကျော်ခဲ့ရ အပြီးမှာတော့ လက်ရှိ အချိန်မှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စိုင်းပြင်းနေပြီး အသင်းမှာ ရှိတဲ့ ဝါရင့် ကစားသမား တချို့ကို ရှင်းထုတ်ကာ အသင်းကို သွေးသစ်လောင်းဖို့ စဉ်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားတစ်လုံးမှ မရရှိသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဂျာမန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ ခြေပျက်ဂိုးပျက် အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါ ရှုံးပွဲဟာ ဘာစီလိုနာအသင်းကို များစွာ နစ်နာစေခဲ့ပြီး အဆိုပါ ရှုံးပွဲကြောင့်ပဲ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မက်ဆီဟာ ဘာစီလိုနာအသင်းကို စွန့်ခွာသွားဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗီဒယ် ကတော့ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဟာ သူတို့အသင်းအနေနဲ့ အခြား ထိပ်တန်းအသင်းတွေမှာ ရှိနေတဲ့ အရည်အချင်းတွေ မရှိလို့ဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ DNA ဆိုတာဟာ ယနေ့ခေတ် ဘောလုံးကမ္ဘာမှာ အသုံးမဝင်တော့ဘူး လို့ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းအနေနဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေကို ဗီဒယ်က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ဗီဒယ်က ” ဘာစီလိုနာအသင်းဟာ ထိပ်တန်းအသင်း တစ်သင်းအနေနဲ့ မလုပ်သင့်တဲ့ အရာတွေ အများကြီးကို လုပ်မိခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကောင်းမွန်စွာ တည်ဆောက်ထားတဲ့ အသင်း တစ်သင်းနဲ့ တွေ့တဲ့အခါ အဲ့ဒီ အမှားတွေကို မြင်လိုက်ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အနိုင်ရလိုစိတ် ပြင်းပျတဲ့အသင်း ၊ ပြီးတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ဖို့ အတွက် ပြင်ဆင်ထားတဲ့ ကစားသမားတွေ ရှိတဲ့အသင်း ၊ အရမ်းကောင်းတဲ့ နည်းစနစ်ရှိတဲ့ အသင်းတစ်သင်းပါ ”

Photo Credit: Goal

” ခင်ဗျားဟာ ပြိုင်ဘက်အသင်းထက် အားနည်းနေမယ် ဆိုရင်တော့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာကလည်း အဲ့ဒီအရာပါ။ ဘာစီလိုနာအသင်းဟာ သူတို့ တွေးတောခဲ့တဲ့ နည်းလမ်းတွေကို ပြောင်းလဲသင့်နေပါပြီ။ ဘောလုံးလောကဟာ တိုးတက်လာနေပါတယ်။ DNA ဆိုတဲ့အရာက ကျန်ရစ်ပါပြီ။ တခြားအသင်းတွေဟာ အခြားအရာတွေမှာပါ အာရုံစိုက်လာကြပါတယ်။ အခုခေတ်မှာ ဘောလုံးဆိုတာဟာ ကြံ့ခိုင်မှု ၊ ခွန်အားကောင်းမှု ၊ လျင်မြန်မှု စတဲ့ အရာတွေနဲ့ အများကြီး သက်ဆိုင်လာပါပြီ။ နည်းစနစ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုက ဒုတိယ ဦးစားပေး ဖြစ်လာပြီ။ ဘာစီလိုနာဟာ ပြောင်းလဲမှုတွေ အများကြီး လိုအပ်နေပါပြီ ” လို့ ပြောပြသွားခဲ့တာပါ။