ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပြင်သစ်လီဂူးပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့အပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိပဲ ရောက်ရှိခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်မှာ အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် နွေစျေးကွက်အတွင်း ကစားသမား အင်အားဖြည့်တင်းမှုတွေကို အပီအပြင် လုပ်ဆောင်လျက်ရှိနေပြီး ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။

Photo Credit : Paris Saint Germain

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပြင်သစ်ပြည်တွင်းရှုံးထွက်ဖလား (၂)ခုတည်းကိုသာ ရယူနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို စိတ်ကျေနပ်စရာ အောင်မြင်မှုတွေ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် နွေစျေးကွက်အတွင်းမှာ အသင်းကို ပြန်လည်အင်အားဖြည့်တင်းဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ နေမာကို အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားနိုင်ခဲ့သလို လီဗာပူးလ်အသင်းရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်းကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

လက်ရှိမှာ ကစားသမားတစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးတာဖြစ်ပေမယ့် အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ အသက်(၂၂)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ဂိုးသမားဒွန်နာရမ်မာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပြီဖြစ်တဲ့ စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ပဲ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်အသင်းမှာ အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့တဲ့ မော်ရိုကိုညာနောက်ခံလူ ဟာကီမီကိုလည်း ယူရိုသန်း(၇၀)ခန့်နဲ့ အရခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒီလို အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်လို့နေတဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဘာပေကို စာချုပ်သက်တမ်းတိုးဖို့က မလွယ်ကူတော့တာကြောင့် နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ကိုပါ ခေါ်ယူရဖွယ် ရှိလို့နေပြီး အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ပေါ်တူဂီ ထိပ်တန်းတိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ အဲဗာတန်ကနေ အငှားခေါ်ထားတဲ့ တိုက်စစ်မှူး မွိုက်စ်ကင်းကိုလည်း အပြီးသတ် ခေါ်ယူဖွယ်ရှိနေသလို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာကိုလည်း အလိုရှိလို့နေပါတယ်။