စပါးအသင်းရဲ့ ဗဟိုနောက်ခံကစားသမားကြီး ဂျန်ဗာတွန်ဂန်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ လမ်းခွဲတော့မှာဖြစ်လို့ သူ့လို ဝါရင့်နောက်ခံလူမျိုးကို မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားသင့်ပြီး အသင်းရဲ့ခံစစ်မှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်အသုံးပြုပြီး ခံစစ်ပိုင်း ပိုမိုအင်အားတောင့်တင်းလာနိုင်တယ်လို့ စပါးကစားသမားဟောင်း ဂျာမိန်းဂျီးနပ်စ်က တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံကစားသမားကြီး ဗာတွန်ဂန်ဟာ စပါးအသင်းမှာ (၈)နှစ်တာအထိ ပါဝင်ကစားခဲ့တဲ့ ဝါရင့်ကစားသမားတစ်ယောက်ဖြစ်ပြီး စပါးရဲ့ခံစစ်မှာ ဘယ်ဂျီယံအသင်းဖော် အယ်ဒါဝီရယ်နဲ့တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဗာတွန်ဂန်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်နောက်ဆုံးပွဲအပြီးမှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလာခဲ့သလို အားကစားမီဒီယာတွေရဲ့ဖော်ပြချက်တွေအရ ဗာတွန်ဂန်ဟာ အင်္ဂလန်မှာ ဆက်လက်ရှိနေဖို့ထက် အီတလီစီးရီးအေနဲ့ စပိန်လာလီဂါဘက်ကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဒါပေမယ့် စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဂျီးနပ်စ်ကတော့ ဗာတွန်ဂန်ကို အင်္ဂလန်ပရီးမီးယားလိဂ်မှာသာ ဆက်လက်ရှိနေချင်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗာတွန်ဂန်ကို ခေါ်ယူသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။ ဂျီးနပ်စ်က ယူနိုက်တက်အသင်းအနေနဲ့ သူတို့အသင်းရဲ့နောက်ခံကစားသမား မက်ဂွိုင်းယားနဲ့ ဗာတွန်ဂန်တို့ကိုသာ ခံစစ်မှာ တွဲဖက်အသုံးပြုလာမယ်ဆိုရင် ခံစစ်ပိုင်း ပိုမိုအင်အားကောင်းလာမှာဖြစ်ပြီး ဗာတွန်ဂန်လို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာဖြစ်လို့ လက်လွတ်မခံသင့်ဘူးလို့ တိုက်တွန်းပြောဆိုထားပါတယ်။ ယူနိုက်တက်အသင်းကိုယ်တိုင် ဗာတွန်ဂန်ကို ယခင်ကတည်းက ပစ်မှတ်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဗာတွန်ဂန်က အသက်(၃၃)နှစ်ရှိနေပြီဖြစ်လို့ ခေါ်ယူဖို့က ဖြစ်နိုင်ခြေတော့ နည်းနေပါတယ်။ ဗာတွန်ဂန်စာ ပြီးခဲ့တဲ့ဇွန်လကအတွင်းကပဲ ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သေးပြီး ရိုးမားကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ကောဟလဟာတချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။