၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘယ်လ်ဂျီယံရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ဗာတွန်ဂန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲမှာ အသင်းငယ် မော်ရိုကိုကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် မော်ရိုကိုကို ရှုံးနိမ့်ခဲ့ရတာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံက ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာကို ရရှိခဲ့ပေမယ့် ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပြီး အုပ်စုအဖွင့်ပွဲမှာ ကနေဒါကို ကံကောင်းထောက်မစွာနဲ့ အနိုင်ရခဲ့သလို အုပ်စုဒုတိယပွဲမှာလည်း မော်ရိုကိုကို ခြေပြတ် ၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Football 365

ဘယ်လ်ဂျီယံက ဒီဘရိုင်း ၊ ဟာဇက် ၊ လူကာကူ ၊ တိုင်လီမန်း ၊ ကော်တွိုက်စ် ၊ ဗာတွန်ဂန် ၊ မာတင်စ် စတဲ့ ကြယ်ပွင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မော်ရိုကိုနဲ့ပွဲမှာ ပြိုင်ဘက်အသင်းကို အသာစီး ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်ပိုင်းက အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့သလို ကွင်းလယ်ပိုင်းကလည်း မော်ရိုကိုရဲ့ ကွင်းလယ်ကို အသာစီး မရခဲ့ပါဘူး။

ဒါကြောင့်ပဲ မော်ရိုကိုရဲ့ တိုက်စစ်ဆင်မှုတွေ အားလုံးကို ဘယ်လ်ဂျီယံ ခံစစ်ကသာ ခါးစီးကာ ခုခံ ကစားခဲ့ရပြီး မော်ရိုကို အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇၃မိနစ်မှာ ဆာဘီရီနဲ့ ပွဲချိန် ၉၀+၂မိနစ်မှာ အဘူခါလယ်တို့က သွင်းယူပေးခဲ့ကြတာပါ။ မော်ရိုကိုကို ရှုံးနိမ့်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံ အဓိက ဗဟိုခံစစ်မှူး ဗာတွန်ဂန်က တိုက်စစ် ကစားသမားတွေကို အပြစ်တင် ဝေဖန်သွားခဲ့ပြီး သူတို့ရဲ့ တိုက်စစ်ဟာ လူအိုတွေချည်း ဖြစ်နေတာကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာလို့လည်း ဆင်ခြေပေးသွားခဲ့ပါတယ်။

Photo Credit: Football 365

ဗာတွန်ဂန်က – “ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းဟာ အရမ်းကို ခြေစွမ်းဆိုးရွားခဲ့တယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ် ကစားသမားတွေက အတော်လေး အသက်ကြီးနေတာကြောင့် အရင်လို ခြေစွမ်းကောင်းတွေ မပြသနိုင်တော့ပါဘူး” လို့ ဘယ်လ်ဂျီယံ ၀-၂ မော်ရိုကို ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မော်ရိုကိုကို ရှုံးနိမ့်ခဲ့တာကြောင့် ဘယ်လ်ဂျီယံက အုပ်စုနောက်ဆုံးပွဲ အဖြစ် ခရိုအေးရှားနဲ့ ကစားရမယ့် ပွဲစဉ်မှာ မဖြစ်မနေ ရလဒ်ကောင်း တခုကို ရယူနိုင်မှသာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။