အီတလီစီးရီးအေပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းက ဒီနှစ်ရာသီမှာလည်း အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာက အင်တာမီလန်အသင်းကို ရမှတ်၃မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမယ့် ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဗီရိုနာအသင်းနဲ့ စီးရီးအေပွဲစဉ်(၂၃)မှာတော့ ၂ဂိုး၁ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး ဒီရာသီရဲ့တတိယမြောက် စီးရီးအေရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

Photo Credit : Getty Images

၄-၃-၃ ကစားကွက်ကို အခြေခံလာတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်ဒို ဟီဂွာအင် ဒေါက်ဂလပ်ကော်စတာတို့ကို တိုက်စစ်မှာ အသုံးပြုခဲ့ပြီး ဘန်တန်ကာ ပီယာနစ် ရာဘီအော့တို့ကို ကွင်းလယ်မှာ အသုံးပြုခဲ့သလို ဒီလစ် ဘနူချီ ဆန်ဒရို ကွာဒရာဒိုတို့ကို ခံစစ်တန်းမှာ အသုံးပြုခဲ့ပြီး ဂိုးသမားနေရာမှာ ရှက်ဇ်နီကိုပဲ အသုံးပြုလာခဲ့ပါတယ်။ အေစီမီလန် လာဇီယိုအသင်းတွေကို အခက်တွေ့အောင် ကစားပြနိုင်ခဲ့တဲ့ ဗီရိုနာအသင်းကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကြောင့် အိမ်ကွင်းမှာ ဂျုဗင်တပ်စ်အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပြီး ပထမပိုင်း မိနစ်၂၀မှာပဲ ပြစ်ဒဏ်ဘောကနေတစ်ဆင့် အဖွင့်ဂိုးရယူခဲ့ပေမယ့်လည်း VAR ပြန်လည်စစ်ဆေးခဲ့ရာမှာ အနည်းငယ်လေး လူကျွံနေတယ်ဆိုလို့ သွင်းဂိုးက အရာမဝင်ခဲ့ပါဘူး။ ပထမပိုင်းမှာ အခွင့်အရေးတွေ ညီတူမျှတူလောက် ရရှိခဲ့ပေမယ့် ဧည့်သည်ဂျုဗင်တပ်စ်အသင်းဘက်က ရရှိခဲ့တဲ့ ကန်သွင်းခွင့်တွေက ဂိုးရဖို့ ပိုနီးစပ်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းမှာတော့ အသင်းနှစ်သင်းပေါင်း ဂိုးပေါက်ခြိမ်းခြောက်မှုတွေက ပထမပိုင်းကလောက် မများပြားခဲ့ပေမယ့်လည်း ဒီပွဲရဲ့သွင်းဂိုးတွေကတော့ ဒုတိယပိုင်းမှသာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ၆၅မိနစ်မှာတော့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ရော်နယ်ဒိုက သူရဲ့စီးရီးအေ ၁၀ပွဲဆက်တိုက် သွင်းဂိုးနဲ့ ဂျုဗင်တပ်စ်အသင်းကို စတင်ဦးဆောင်စေခဲ့သော်လည်း ရ၆မိနစ်မှာ ဘိုရီနီက ဗီရိုနာအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ၈၄မိနစ်ခန့်မှာတော့ နောက်ခံလူ ဘနူချီက ပင်နယ်တီဧရိယာအတွင်းမှာ ဘောလုံးရှင်းထုတ်ရင်းနဲ့ လက်ထိသွားခဲ့တာကို VAR နဲ့ ပြန်လည်ကြည့်ရှုရင်း ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့လို့ ဝါရင့်တိုက်စစ်မှူးကြီး ပက်ဇီနီက ဗီရိုနာအတွက် အဖိုးတန်အနိုင်ဂိုးအဖြစ် အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။