စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဗလင်စီယာ အသင်းကို အဝေးကွင်းမှာ ၄-၁ ဂိုး နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါဟာ အသင်းကို အားပေးကျတဲ့ ပရိသတ်တွေ အတွက် သတင်းဆိုးလို့ ဆိုရပါမယ်။ ဒါပေမယ့်လည်း အသင်း အတွက် နောက်ထပ် သတင်းဆိုး တစ်ပုဒ်က ရှိလို့နေပါသေးတယ်။ အဲ့ဒါကတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဗယ်ဗာဒီ ဟာ ညို့သကျီးရိုး မှာ ဒဏ်ရာ ရရှိခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဥရုဂွေးနိုင်ငံ လက်ရွေးစင် ကစားသမား တစ်ဦးလည်း ဖြစ်တဲ့ ဗယ်ဗာဒီ ဟာ နိုဝင်ဘာလမှာ ကစားမယ့် နိုင်ငံအသင်း အတွက်လည်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဥရုဂွေးအသင်းအနေနဲ့ ကိုလံဘီယာ၊ ဘရာဇီးတို့ နဲ့ ယှဉ်ပြိုင်ကစားသွားရမာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ ဖော်ပြချက်မှာတော့ “ ကျွန်တော်တို့ အသင်း ကစားသမားတစ်ဦးဖြစ်တဲ့ ဖီဒီ ဗယ်ဗာဒီ ကို ရီးရဲလ်မက်ထရစ်အသင်းရဲ့ ဆေးအဖွဲ့နဲ့ စစ်ဆေးအပြီးမှာ သူ့ရဲ့ ညို့သကျီးရိုး နားမှာ ဒဏ်ရာ ပြဿနာ ရှိနေတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ သူပြန်သက်သာမယ့် အချိန်ကိုတော့ ဆက်လက် စောင့်ကြည့်သွားရပါမယ် ” ဆိုပြီး ပါဝင်ပါတယ်။ ယခုလို ဒဏ်ရာ ဟာ ကံကောင်းလွန်းရင်တောင်မှပဲ တစ်လ ဝန်းကျင် ကြာမြင့်တတ်တာ ဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ်အသင်း ကတော့ ဗယ်ဗာဒီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်လက် ဖော်ပြပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

Photo Credit: Standard

ဗယ်‌ဗာဒီက ဒဏ်ရာ ရရှိထားသလို ကတ်စမီရို ကလည်း ကိုရိုနာ ပေါ့စတစ် ဖြစ်ထားတာကြောင့် နည်းပြ ဇီဒန်း အနေနဲ့ လာမယ့် ဗီလာရီးရဲလ် နဲ့ အင်တာမီလန် ပွဲစဉ်တွေမှာ ကွင်းလယ်ပိုင်း အပြောင်းအလဲအသစ်တွေ ပြုလုပ်သွားရတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပိတ်ရက်က ကတ်စမီရို နဲ့ အီဒင် ဟာဇက် ရဲ့ ကိုရိုနာ ပို့စတစ် သတင်းကြောင့် နည်းပြ ဇီဒန်း ခေါင်းခဲ ခဲ့ရသလို ယခုတစ်ကြိမ် ဗယ်‌ဗာဒီရဲ့ ဒဏ်ရာ ပြဿနာ ဟာလည်း ဇီဒန်း အတွက်တော့ ဆုံးရှုံးမှုကြီး တစ်ခုလို့ ဆိုရပါမယ်။ ဗယ်ဗာဒီ ဟာ ဒီရာသီ ကွင်းလယ်ပိုင်းမှာ ပုံစံကောင်းပြသနေတဲ့ ကစားသမား ဖြစ်သလို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲစဉ်တော်တော် များများမှာလည်း ပါဝင် ကစားပေးထားတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အတွက် သတင်းဆိုး တစ်ခုဖြစ်ပေမယ့် အခြား တစ်ဖက်မှာတော့ အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ အိုဒီဂတ် တစ်ယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီလို့ သိရပါတယ်။