စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ငယ်မွေးခြံပေါက် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဗယ်ဗာဒီကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အယ်ကလပ်စီကိုပွဲစဉ်မှာ သူတို့ဟာ ဘာစီလိုနာအသင်းကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါး ပြောဆိုသွားပါတယ်။

ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အသင်းနှစ်သင်း စတင် တည်ထောင်တဲ့ အချိန်ထဲက မဟာပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပြီး သူတို့နှစ်သင်း ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေကို အယ်ကလပ်စီကိုလို့ အမည်ပေးထားကာ အယ်ကလပ်စီကိုဒါဘီဟာ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး ဒါဘီတွေထဲက တခုလည်း ဖြစ်ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ တချိန်ကလို ဥရောပရဲ့ အင်အားကြီးအသင်း အဖြစ် ရပ်တည်နိုင်အောင် ပြန်လည် တည်ဆောက်နေရတဲ့ အသင်းတွေ ဖြစ်ပြီး နှစ်သင်းစလုံးရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ ၊ ရိုနယ်ဒို ၊ ဆွာရက်ဇ် ၊ ရာမို့စ် ၊ ဂရစ်ဇ်မန်း စတဲ့ ကစားသမားတွေ မရှိတော့တာကြောင့် ယခုနှစ် အယ်ကလပ်စီကိုဒါဘီ အပေါ် ပရိသတ် စိတ်ဝင်စားမှု အတော်လေး လျော့နည်းနေပါတယ်။

ဒါ့အပြင် အဓိက ကစားသမား မက်ဆီကို ဆုံးရှုံးထားရတာကြောင့် ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့ ဘာစီလိုနာအသင်းဟာ အယ်ကလပ်စီကိုဒါဘီမှာ ဂိုးပြတ် ရှုံးနိမ့်လိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဗယ်ဗာဒီ ကတော့ သူတို့ဟာ ဘာစီလိုနာအသင်းကို အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ဆိုလာပါတယ်။

Photo Credit: Marca

ဗယ်ဗာဒီက – “ ဒီပွဲကြောင့် ကျွန်တော်က နည်းနည်းလေး စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ပါဝင် ဆင်နွှဲခွင့် ရှိနေတာကြောင့်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တွေက ဒီပွဲကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ဒီပွဲကို အနိုင်ယူဖို့ ကျွန်တော်တို့တွေ စည်းလုံးဖို့ လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့တွေ ဆာလောင်စိတ် ရှိဖို့ လိုအပ်တယ်။ ဒီပွဲမှာ ပွဲစကနေ ပါဝင်ရတာပဲ ဖြစ်ဖြစ် ၊ လူစားဝင် ကစားရတာပဲ ဖြစ်ဖြစ် ကစားသမားတိုင်းဟာ နည်းပြတွေရဲ့ ညွှန်ကြားချက် အတိုင်း ကစားနိုင်ဖို့ လိုအပ်ပါမယ်။ ဒါက လူတိုင်းအတွက် အရေးကြီးပါတယ်။ လူတိုင်းက ဒီပွဲကို နိုင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေပါပဲ။ တကယ်လို့ ကျွန်တော်တို့သာ ဒီပွဲကို နိုင်ခဲ့ရင် ဒီရာသီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိလာမယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။