နာမည်ကျော် လိဂ်တစ်ခုဖြစ်တဲ့ စပိန်လာလီဂါ မှာ ကစားခဲ့ဖူးတဲ့ ကိုလံဘီယာ ဂန္တဝင် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဗားဂတ်ကတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူမြင်တွေ့ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။ ဗားဂတ်ဟာ စပိန် လာလီဂါအသင်း တစ်သင်းဖြစ်တဲ့ အယ်မာရီးယားအသင်းမှာ ကစားခဲ့ဖူးပြီး အဆိုပါအချိန်က ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ကို ပြိုင်ဘက် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ဖူးကာ အရှုံးရလဒ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရပေမယ့် မက်ဆီနဲ့ သူနဲ့ကြားမှာ မေ့ထားလို့ မရတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပုံကို အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit: Givemesport

ဗားဂတ်ဟာ စပိန်လာလီဂါပွဲစဉ် စုစုပေါင်း ၃၀အထိ ကစားခဲ့ဖူးသူ ဖြစ်ကာ သွင်းဂိုး ၁ဂိုး ဂိုးဖန်တီးမှု ၁ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ကာ ကိုလံဘီယာနိုင်ငံကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးအနေနဲ့ အခုလို စွမ်းဆောင်နိုင်ခဲ့တာဟာ ကျေနပ်စရာပါပဲ။ ဗားဂတ် က မက်ဆီဟာ သူတစ်ပါးအပေါ် စိတ်ကောင်းထားတတ်သူ ဖြစ်ကြောင်းနဲ့ အကူအညီတောင်းခံထားလျှင်လည်း မမေ့မလျော့ ကူညီတတ်သူ ဖြစ်ကြောင်း သူ့ရဲ့ အင်တာဗျူးမှာ ပြောပြလာခဲ့တာ ဖြစ်ပြီး မက်ဆီဟာ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် သူ့ကို ကူညီဖူးတာ ဖြစ်တယ် လို့ ဆိုသွားပါတယ်။

Photo Credit: Givemesport

မက်ဆီရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိပုံ အကြောင်းကို ဗားဂတ်က ” အဲ့ဒီအချိန်တုန်းက ကျွန်တော်ဟာ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ငွေကြေးရှာဖွေနေတဲ့ အချိန်ပါ။ ပြီးတော့ ဘာစီလိုနာအသင်းနဲ့ ကျွန်တော်တို့အသင်း ရင်ဆိုင် ကစားရတဲ့အချိန်မှာ ကျွန်တော်က ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းချင်လို့ မင်းရဲ့ အင်္ကျီလေး ပေးနိုင်မလားဆိုပြီး တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ပွဲလည်းပြီးရော အဲ့ဒီ အကြောင်းကို ကျွန်တော်က မေ့သွားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ မမေ့ခဲ့ပါဘူး။ သူက ကျွန်တော့်ကို ကွင်းရဲ့ ထွက်ပေါက်မှာ အိတ်လေးတစ်လုံးနဲ့ စောင့်နေခဲ့ပါတယ်… ကြည့်… ငါ မင်းအတွက် အင်္ကျီတွေ ယူလာသေးတယ် လို့ ပြောပြီး ကျွန်တော့်ကို အဲ့ဒီအိတ်ငယ်လေး ပေးသွားခဲ့ပါတယ်။ အဲ့ဒီအိတ်ထဲမှာတော့ သူရဲ့အင်္ကျီရယ် ၊ ဇာဗီ ၊ အင်နီယေစတာ ၊ ပီကေး ၊ အဲဗက်နဲ့ ပူယိုးလ်တို့ရဲ့ အင်္ကျီတွေ ပါလာပါတယ် ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။