၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဖွင့်နေ့ အကောင်းဆုံး ပွဲစဉ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ပီအက်စ်ဂျီက အဓိက တိုက်စစ်မှူး အမ်ဘာပေရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အဖွင့်လှသွားခဲ့ပါတယ်။

ပြင်သစ်မြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေက များစွာ ကွာခြားလှခြင်း မရှိပေမယ့် ပီအက်စ်ဂျီက အဓိက တိုက်စစ်မှူး အမ်ဘာပေရဲ့ အဆုံးသတ် သေချာမှုတွေကြောင့် နိုင်ပွဲကို ရခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်ကတော့ အဝေးကွင်းမှာ ကျေနပ်လောက်စရာ ကစားပုံကို ပြသနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

Photo Credit: Standard

ပီအက်စ်ဂျီ ၂-၁ ဂျူဗင်တပ်ပွဲစဉ်မှာ နှစ်သင်းစလုံးက ပုံမှန် ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ကြပြီး ပရိသတ်တွေ အတွက် ပြောစရာ ဖြစ်ခဲ့တာ ကတော့ ပြီးခဲ့တဲ့ တပတ်လောက် အထိ အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ ပါရီဒက်စ်နဲ့ ရာမို့စ်တို့ဟာ ကွင်းထဲမှာ ပွဲဆူသွားစေတဲ့ အထိ ရန်ဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

ပါရီဒက်စ်နဲ့ ရာမို့စ်တို့က ပွဲကစားချိန် ပထမပိုင်း အတွင်းမှာပဲ အချင်းများ ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ကွင်းလယ်လူ ဗာရက်တီကတော့ ပါရီဒက်စ်နဲ့ ရာမို့စ်တို့ နှစ်ဦးစလုံးဟာ အသင်းအတွက် တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားတတ်သူတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦး ရန်ဖြစ်တာကို မအံ့ဩမိဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဗာရက်တီက – “ကျွန်တော်နဲ့ ပါရီဒက်စ်က သူငယ်ချင်းကောင်းတွေပါ။ ကျွန်တော်က ရာမို့စ်နဲ့ ပါရီဒက်စ်တို့ လေ့ကျင့်ရေးကွင်းမှာ အတူတူ ရှိနေတဲ့ အချိန်ထဲက သူတို့နှစ်ယောက်ကြားမှာ ရန်ပွဲတွေ ဖြစ်လာနိုင်ချေ အများကြီး ရှိတာကို ကြိုတွေးထားမိပြီးသားပါ။ ပါရီဒက်စ်နဲ့ ရာမို့စ်တို့ ရန် ဖြစ်၊ မဖြစ်ကို လောင်းကြေးထပ်လို့ ရရင် ကျွန်တော့်ရဲ့ အိမ်ကိုတောင် ထည့်ပြီး လောင်းချင်ပါသေးတယ်။ (ရယ်လျက်) သူတို့နှစ်ယောက်လုံးက ဖျက်ထုတ်မှုတိုင်း ၊ ဘောလုံးလုယူမှုတိုင်း အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းကြတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် အဆုံးသတ်ကျရင် နှစ်ယောက်သား တယောက် ပခုံး ၊ တယောက် ဖက်ပြီး ပြေလည်သွားကြတာချည်းပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။