MySport Myanmar

ကိုမိုအသင်းအတွက် ပွဲဦးထွက်မှာပဲ ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ပြန်တဲ့ ဗာရန်း

ပြင်သစ် ဝါရင့် နောက်ခံကစားသမားကြီး ရာဖယ်လ် ဗာရန်းကတော့ သူရဲ့ ကလပ်အသင်းသစ်ဖြစ်တဲ့ ကိုမိုအသင်းနဲ့ ပွဲဦးထွက် ပါဝင်ကစားခဲ့တဲ့ ကိုပါအီတလီယာ ပွဲစဉ်မှာပဲ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပထမပိုင်း ပွဲကစားချိန် (၂၃)မိနစ်အရောက်မှာ လူစားလဲခဲ့ရပါတယ်။

အသက် (၃၁)နှစ်အရွယ် နောက်ခံကစားသမားကြီး ဗာရန်းဟာ ဒီနွေမှာမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာလာခဲ့ပြီး စီးရီးအေပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Calcio Mercato

တစ်ချိန်က ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာ ရယူထားနိုင်ခဲ့ပြီး ပြင်သစ်အသင်းနဲ့ပါ ၂၀၁၈ ကမ္ဘာ့ဖလားကြီးလည်း ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ ဗာရန်းဟာ လက်ရှိမှာ တန်းတက် ကလပ်အသင်းဆီကို ရောက်ရှိနေခဲ့ပေမယ့် သူကိုယ်တိုင်က မေဂျာလိဂ် ဆော်ဒီလိဂ်တွေက မက်မောလောက်စရာ ကမ်းလှမ်းမှုတွေထက် ကိုမိုအသင်းကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အသင်းငယ်လေးကို ရွေးချယ်ခဲ့တဲ့ ဗာရန်းဟာ ဆမ်ဒိုးရီးယားနဲ့ ကိုမိုအသင်းတို့ရဲ့ ကိုပါအီတလီယာ ပထမအဆင့် ပွဲစဉ်မှာ ကိုမိုအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့ရပေမယ့်လည်း မမျှော်လင့်ပဲ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပထမပိုင်း မိနစ် (၂၀)ကျော်လေးနဲ့ ဆက်မကစားရတော့ရင်း လူစားလဲခံခဲ့ရပါတယ်။

Photo Credit : talkSPORT

ဗာရန်းဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ ဒဏ်ရာပြသာနာပေါင်းစုံ ရရှိထားခဲ့ဖူးပြီး ရက်ပေါင်းများစွာလည်း အနားယူခဲ့ရသလို အခု ကိုမိုနဲ့ တာအထွက်မှာလည်း မိနစ် (၂၀)လေးသာ ကစားရုံနဲ့ ဒဏ်ရာရသွားတာက ဗာရန်းအတွက်တော့ တကယ်ကို အိမ်မက်ဆိုးတစ်ခုလို ဖြစ်နေစေရပါတယ်။ ဗာရန်းက အခု ဒဏ်ရာကြောင့် ဘယ်လောက်အထိ အနားယူသွားရဦးမလဲဆိုတာလည်း အတိအကျ မသိရသေးပဲ ဖြစ်နေပါတယ်။

အသင်းရဲ့ dream signing ဖြစ်တဲ့ ဗာရန်းကို မိနစ် (၂၀)လေးသာ အသုံးပြုခွင့် ရခဲ့တဲ့ ကိုမိုအသင်းဟာ အဲ့ဒီပွဲစဉ်မှာပဲ ဆမ်ဒိုးရီးယားကို သာမန်ပွဲချိန် မိနစ် (၉၀)အတွင်း တစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပေမယ့်လည်း ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကိုမိုဘက်က ပင်နယ်တီ (၂)ကြိမ်ဆက် လွဲချော်မှုကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Exit mobile version