လက်စတာ စီးတီးအသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ဂျေမီ ဗာဒီကတော့ တော့တင်ဟမ် ဟော့စပါးနဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရိုင်ယန်ဂစ်၊ တက်ဒီ ရှာရင်ဂမ်နဲ့ ဂယ်ရီ စပိဒ်တို့လို ကစားသမားကြီးတွေရဲ့ ပရီးမီးယားလိဂ် စံချိန်ကောင်းတစ်ခုကိုပါ အမီလိုက်နိုင်ခဲ့ပါတယ်။

အသက်(၃၈)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် တိုက်စစ်မှူး ဗာဒီဟာ လက်စတာကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သလို အသင်းက ချန်ပီယံရှစ်ဆီ တန်းဆင်းသွားချိန်အထိ အသင်းမှာ သစ္စာရှိရှိ ဆက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Squawka

လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကမှ လက်စတာအသင်းဆီ ရောက်လာခဲ့တဲ့ ဗာဒီဟာ အခုဆိုရင် လက်စတာအတွက် ပွဲပေါင်း (၅၀၀)နီးပါးအထိ ကစားပေးထားခဲ့သလို (၁၉၈)ဂိုးအထိလည်း သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပါးကို comeback ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း အရေးပါတဲ့ ချေပဂိုးကိုပါ ဒုတိယပိုင်းအစမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဗာဒီဟာ ဒီဂိုးသွင်းယူခဲ့ပြီးနောက် ဒီရာသီမှာ လက်စတာအတွက် ပရီးမီးယားလိဂ် ဂိုး(၇)ဂိုးသွင်း (၃)ဂိုးဖန်တီးနိုင်ခဲ့ပြီဖြစ်ပြီး အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုက (၁၀)ဂိုး ရှိသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသက်(၃၇)နှစ်နဲ့အထက် ကစားသမားတွေထဲကမှ အသင်းတွေအတွက် ဂိုးပါဝင်ပတ်သက်မှု (၁၀)ဂိုးအထိ လုပ်ဆောင်နိုင်ခဲ့သူတွေထဲမှာ ရော်နယ်လ်ဒို ဂစ် ရှာရင်ဂမ်နဲ့ စပိဒ်တို့သာ ရှိခဲ့ရာကနေ အခုတော့ ဗာဒီပါ ဒီကစားသမားစာရင်းမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

 

လက်စတာရဲ့ comeback နိုင်ပွဲကြောင့် အသင်းနည်းပြ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းလည်း ဖိအားတွေ ကျဆင်းသွားရမှာဖြစ်သလို ဒီနိုင်ပွဲမရခင်က လက်စတာဟာ (၈)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားသလို (၇)ပွဲဆက်တိုက်အထိပါ ရှုံးနိမ့်ထားရလို့ နစ္စတဲလ်ရွိုင်းရဲ့ အနာဂတ်ပါ လှုပ်ခတ်နေရတာပဲ ဖြစ်ပါတယ်။

အခုတော့ စပါးကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့တာကြောင့် ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့သလို ဒီရာသီအတွင်းမှာလည်း ဒုတိယမြောက် အဝေးကွင်းနိုင်ပွဲကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။ စပါးအသင်းကတော့ ပရီးမီးယားလိဂ် (၇)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားခဲ့ရသလို ရှုံးပွဲကလည်း (၄)ပွဲအထိ ဆက်တိုက် ရှိထားခဲ့ရလို့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)ထိပါ ရောက်ရှိနေခဲ့ရပါတယ်။