MySport Myanmar

ယူနိုက်တက်နဲ့ လမ်းခွဲဖြစ်ရင် အသင်းဟောင်းတွေဆီပဲ ပြန်သွားမယ့် ဗာရန်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားကြီးတစ်ဦးဖြစ်သူ ခံစစ်မှူး ရာဖယ်လ် ဗာရန်းက သူ့အနေနဲ့ ယူနိုက်တက်အသင်းနဲ့သာ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် သူ့အသင်းဟောင်းတွေဆီကိုသာ ပြန်လည် ပြောင်းရွှေ့မယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ်တစ်ခုထိ ပါဝင်ကစားရင်း အသင်းရဲ့ legend တစ်ဦးပါ ဖြစ်ခဲ့ရတဲ့ ဗာရန်းဟာ ၂၀၂၁ခုနှစ်မှာပဲ ရီးယဲလ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အခုဆိုရင် ဗာရန်းက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၇၄)အထိပါ ကစားပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဒီနောက်ပိုင်း ပွဲစဉ်တွေမှာ ဗာရန်းက ယူနိုက်တက်အတွက် ပွဲကစားခွင့်တွေ နည်းပါးနေရပြီး မက်ဂွိုင်းယား နဲ့ အီဗန်စ်တို့ရဲ့နောက် အရန်ကစားသမားအဖြစ်နဲ့သာ ကစားနေရတာမို့ ဗာရန်းရဲ့ အနာဂတ် လှုပ်ခတ်လာနိုင်တယ်လို့ ထင်ကြေးပေးလာကြပါတယ်။

ဒီအချိန်မှာ ဆော်ဒီကလပ်အသင်းတွေဟာလည်း ဗာရန်းကို ခေါ်ယူဖို့ နွေမှာကတည်းက ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတာကြောင့် ဗာရန်း နဲ့ ဆော်ဒီကလပ်တွေရဲ့ အပြောင်းအရွှေ့ ကောလဟာလတွေကပါ ပိုပြီး သတင်းထွက်လာခဲ့ရပါတယ်။

Photo Credit : The Independent

ဒါပေမယ့်လည်း ဗာရန်းကတော့ အသင်းနည်းပြ တန်ဟက်ဂ်က ကစားခွင့်ပေးတဲ့အတိုင်း ကစားရတဲ့အပေါ် အဆင်ပြေနေကြောင်းနဲ့ တကယ်လို့ ယူနိုက်တက်ကနေ ထွက်ခွာဖြစ်မယ်ဆိုရင်တောင် သူ့အသင်းဟောင်းတွေဖြစ်တဲ့ ရီးယဲလ် ဒါမှမဟုတ် လန်းစ်အသင်းတွေဆီသာ ပြန်လည် ပြောင်းရွှေ့မယ်လို့ ပြောဆိုလာပါတယ်။

ဒါကြောင့် ဗာရန်းအနေနဲ့ ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုအပေါ် သူ့ဘက်က ပြန်လည် စိတ်ဝင်စားခြင်း မရှိကြောင်း တုံ့ပြန်လိုက်တာ ဖြစ်သလို ဗာရန်းကတော့ လက်ရှိ အနေအထားအရ ယူနိုက်တက်မှာပဲ ဆက်လက် နေထိုင်သွားဖွယ်သာ ရှိနေပါတယ်။

Exit mobile version