MySport Myanmar

မန်ယူမှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖွယ် ရှိကြောင်း ပြောလာတဲ့ ဗာရန်း

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဗာရန်းက သူဟာ ကစားသမားဘဝကို လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက်မှာပဲ အဆုံးသတ်ဖွယ် ရှိနေကြောင်း ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ဗာရန်းက ၂၀၂၁ နွေဈေးကွက်မှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လ အထိ သက်တမ်း ကျန်နေပါသေးတယ်။

Photo Credit: The Sun

ဗာရန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်သလို အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းအရ အမြင့်ဆုံး အနေအထား တရပ်ကို ရောက်ရှိနေပေမယ့် ဗာရန်းဟာ ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် အပြည့်အဝ အာရုံစိုက်ချင်တာကြောင့် လက်ရွေးစင် ကစားသမားဘဝ ကနေ အနားယူခဲ့ပါတယ်။

ယမန်နေ့ညမှာတော့ ဗာရန်းက သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ နှုတ်ဆက်ပွဲကို ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့ပြီး အဆိုပါ နှုတ်ဆက်ပွဲမှာ ဗာရန်းက သူ့ရဲ့ ကစားသမား ဘဝမှာ နောက်ထပ် အသင်းသစ် တသင်းဆီ ပြောင်းရွှေ့တော့မှာ မဟုတ်ပဲ သူ ကစားခဲ့တဲ့ အသင်း ၃သင်း ဖြစ်တဲ့ လန်းစ် ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ၃သင်းထဲက တသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်မယ်လို့ ဆိုလာပါတယ်။

Photo Credit: The Sun

ဗာရန်းက – “ကျွန်တော်က ကစားသမားဘဝကို မက်ဒရစ် (ဒါမှမဟုတ်) ယူနိုက်တက် (ဒါမှမဟုတ်) လန်းစ်မှာပဲ အဆုံးသတ်သွားမှာပါ။ နောက်ထပ် အသင်းသစ် တသင်းဆီ မပြောင်းတော့ပါဘူး။ ကျွန်တော်က မက်ဒရစ်ဆီ ပြန်ဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒီတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့ လန်းစ် နှစ်သင်းထဲက တသင်းမှာပဲ ကစားသမား ဘဝကို အဆုံးသတ်မှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ဗာရန်းက ယခုနှစ် ဘောလုံးရာသီမှာတော့ လီဆန်ဒရို မာတီနက်ဇ်နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်ပြထားနိုင်ပြီး သူက ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ဆုဖလား အဖြစ် ကာရာဘောင်းဖလားကိုလည်း သိမ်းပိုက်ထားနိုင်ပါသေးတယ်။

Exit mobile version