MySport Myanmar

ဒဏ်ရာကြောင့် (၆)ပတ်ခန့်လောက်အထိ အနားယူရတော့မယ့် ဗာရန်း

ဒဏ်ရာ ပြဿနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရ ကစားသမား စာရင်းထဲမှာ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဗဟို နောက်ခံလူ ရာဖယ်လ် ဗာရန်းပါ ထပ်တိုး ပါဝင်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် ဝါရင့် ခံစစ် ကစားသမား ဗာရန်းဟာ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်အတွင်းရဲ့ ပထမပိုင်း ပွဲချိန်မှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာပဲ လင်ဒီလော့နဲ့ လူစားလဲခဲ့ရပါတယ်။ အခုဆိုရင် ဗာရန်းဟာ ဒီဒဏ်ရာကြောင့်ပဲ (၆)ပတ်ခန့် အနားယူရတော့မယ့်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FIFPro

လက်ရှိ ယူနိုက်တက်အသင်းမှာ နေရာအစုံ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ခံစစ် ဘယ်ခြမ်းမှာဆိုရင်လည်း လုခ်ရှောရော မာလာစီယာပါ နှစ်ဦးလုံး ဒဏ်ရာရနေလို့ အခုဆိုရင် ချယ်လ်ဆီး ဘယ်နောက်ခံလူ ကူကူရယ်လာကိုပါ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ကစားသမားနဲ့လည်း သဘောတူညီမှု ရရှိထားပြီလည်း ဖြစ်ပါတယ်။

အခုလည်း အသင်းရဲ့ ခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ်နဲ့အတူ အဓိက တွဲဖက် ကစားနိုင်သူ ဗာရန်းပါ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မှာက ယူနိုက်တက်အတွက် ခေါင်းခြောက်စရာ ဖြစ်လာရပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာ အခြေနေကြောင့်ပဲ မက်ဂွိုင်းယားပါ ဒီနွေမှာ အသင်းပြောင်းရတော့မှာ မဟုတ်ပဲ ယူနိုက်တက်မှာသာ ဆက်လက် ရှိနေရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Football365

ဗာရန်းဟာ ရီးယဲလ် မက်ဒရစ်အသင်းကနေ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒဏ်ရာပြဿနာ ပေါင်းစုံတွေကြောင့် အသင်းရဲ့ ပွဲစဥ်ပေါင်း (၃၄)ပွဲခန့်လောက်အထိ လွဲချော်ထားခဲ့ရပြီး အခုလည်း အိမရိတ်ဒ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲကျပ်ကိုလည်း သေချာပေါက် လွဲရပါတော့မယ်။

လက်ရှိမှာက နွေအပြောင်းအရွှေ့ စျေးကွက်ကလည်း ပိတ်သိမ်းတော့မှာ ဖြစ်သလို ယူနိုက်တက်ဘက်ကလည်း ဘယ်ခြမ်း ခံစစ်နေရာ ကွင်းလယ်နေရာတွေအတွက်သာ ဦးစားပေး ခေါ်ယူဖို့ ရှိနေတာကြောင့် ဗာရန်း နာသွားချိန် မာတီနက်ဇ် နဲ့ လင်ဒီလော့ကိုသာ အသုံးပြုလာဖို့ ရှိနေပြီး မက်ဂွိုင်းယားကိုတော့ အရန်အနေနဲ့သာ သုံးစွဲသွားနိုင်ပါတယ်။

Exit mobile version