စပိန်လာလီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူတို့အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားတစ်ယောက်လည်းဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဆာဂျီယိုရာမို့စ်ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖွယ် ရှိနေတဲ့အပြင် နောက်ထပ် အသင်းရဲ့အဓိကခံစစ်ကစားသမားတစ်ယောက် ရာဖယ်ဗာရန်းကပါ လာမယ့်နွေစျေးကွက်ထဲမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတာကြောင့် ရီးရဲလ်အသင်းအနေနဲ့ အဓိကခံစစ်မှူး(၂)ယောက်ကို တပြိုင်နက်တည်း လက်လွတ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit : The Real Champs

အသက်(၂၇)နှစ်အရွှယ်ရှိ ကမ္ဘာ့ဖလားဆုရ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမားဗာရန်းဟာ ၂၀၁၁ခုနှစ်ကတည်းက လန်းစ်အသင်းကနေ ရီးရဲလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးရဲလ်မှာ ဆယ်စုနှစ်တစ်ခုအကြာထိ ပါဝင်ကစားခဲ့ပြီး ဥရောပချန်ပီယံလိဂ်ဖလား (၄)ကြိမ်နဲ့ စပိန်လာလီဂါဖလား (၃)ကြိမ်ထိ ပိုင်ဆိုင်ခဲ့ကာ ကိုပါဒယ်ရေး စပိန်စူပါဖလား ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဗာရန်းဟာ အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီကနေစတင်ပြီး အမှားအယွင်းတွေ များပြားလာခဲ့သလို သူရဲ့အမှားတွေကြောင့်လည်း ရီးရဲလ်အသင်းက အမှတ်တွေဆုံးရှုံးတာတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : TO FOOT

ရီးရဲလ်မက်ဒရစ်အသင်း ဗလင်စီယာအသင်းကို (၄)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်နောက်ပိုင်း ဗာရန်းရဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေက ထွက်ပေါ်ခဲ့တာဖြစ်ပြီး သူ့ကို ရီးရဲလ်အသင်းဘုတ်အဖွဲ့ဝင်တွေက အသင်းကနေ ရောင်းထုတ်ချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရီးရဲလ်နည်းပြဇီဒန်းက သူအနှစ်သက်ဆုံး ကစားသမားလည်းဖြစ် သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ်တဲ့ ဗာရန်းက အသင်းက ရောင်းချဖို့အတွက် လုံးဝဆန္ဒမရှိကြောင်း တုံ့ပြန်လာခဲ့တာကြောင့် ကောလဟာလတွေ အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့် လတ်တလော ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ဗာရန်းကိုယ်တိုင်က စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖို့ စီစဉ်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဗာရန်းဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး တကယ်လို့ လာမယ့်နွေစျေးကွက်ထဲမှာသာ ဗာရန်းကို မရောင်းချနိုင်ခဲ့တဲ့အပြင် ဗာရန်းကိုပါ သက်တမ်းမတိုးနိုင်ခဲ့ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရမှာဖြစ်ပါတယ်။ ဗာရန်းကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေပါတယ်။