မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ရာဖယ်ဗာရန်းဟာ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက်မကစားနိုင်တော့ပဲ လူစားလဲခဲ့ရသလို ဒီဒဏ်ရာကြောင့် တစ်လဝန်းကျင်လောက်အထိ အနားယူသွားရမှာဖြစ်လို့ အသင်းရဲ့ အရေးကြီးတဲ့ ပွဲတချို့ကို ဆက်တိုက်လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဗာရန်းဟာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းရဲ့ (၃)ယောက်တန်းခံစစ်မှာ မက်ဂွိုင်းရား ဘိုင်လီတို့နဲ့အတူ ပါဝင်လာခဲ့တာဖြစ်ပြီး ပွဲကစားချိန် (၃၆)မိနစ်ခန့်မှာပဲ တံကောက်ကြောဒဏ်ရာ ရရှိသွားတာကြောင့် ပွဲကို ဆက်လက်ကစားနိုင်ခြင်း မရှိတော့ပဲ ဂရင်းဝုဒ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒီဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဗာရန်းဟာ တံကောက်ကြော ပြသာနာကြောင့် တစ်လဝန်းကျင်ခန့် အနားယူရတော့မှာဖြစ်ပြီး ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကိုပါ သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

ပြင်သစ်အသင်းနဲ့အတူ ၂၀၂၁ နေးရှင်းစ်လိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ထားရတဲ့ ဗာရန်းဟာ လက်ရွေးစင်အသင်းနဲ့ နေးရှင်းစ်လိဂ်ပြိုင်ပွဲကို ဝင်ရောက်နေတုန်းကလည်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့ရတာကြောင့် လက်စတာ လီဗာပူးလ်အသင်းတွေကို ဆက်တိုက်အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ အတ္တလန်တာကို ဧည့်ခံခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တို့ကို လွဲချော်ခဲ့ရပါတယ်။ စပါးကို အဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ပွဲမှ ယူနိုက်တက်အတွက် ပြန်လည်ပါဝင်လာခဲ့တဲ့ ဗာရန်းဟာ အတ္တလန်တာနဲ့ပွဲအရောက်မှာပဲ အခုလို တံကောက်ကြောဒဏ်ရာကို ရရှိသွားခဲ့ရပြီး အသင်းရဲ့ ပွဲတချို့ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက် ကံကောင်းတာကတော့ မန်ချက်စတာဒါဘီပွဲ ပြီးသွားတာနဲ့ နိုင်ငံတကာ ရက်သတ္တပတ်က ကြားဖြတ်ဝင်ရောက်လာမှာဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်(၂၀)ရက်နေ့မှသာ ပွဲတွေကို ပြန််လည်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ယူနိုက်တက် ပွဲတွေမရှိတဲ့ (၁)ပတ်ခန့်လောက်ပါ ဗာရန်းရဲ့နားရက်ထဲ ပါဝင်သွားနိုင်တာပါပဲ။ ဒါပေမယ့်လည်း ဗာရန်းဟာ မန်ချက်စတာဒါဘီအပြင် ဝက်ဖိုဒ့်(ပရီးမီးယားလိဂ်) ဗီလာရီးယဲလ်(ချန်ပီယံလိဂ်)နဲ့ ချယ်လ်ဆီး(ပရီးမီးယားလိဂ်)တို့လို ပွဲကျပ်ကာလတွေကို အသင်းနဲ့ ကျော်ဖြတ်နိုင်ဖွယ် မရှိတာက ယူနိုက်တက်အတွက် စိုးရိမ်စရာ ကောင်းနေရပါတယ်။