ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ မန်ချက်စတာမြို့မှာ နေအိမ် စတင် ရှာဖွေနေပြီ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ကို ငြင်းဆန်ထားပါတယ်။

Photo Credit: Sport Bible

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တစု ကစားခဲ့သလို အသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလား အားလုံးကို ရယူနိုင်ခဲ့တာကြောင့် နိုင်ငံသစ် တခုကို ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို တည်ငြိမ်အောင် ထိန်းကျောင်းနိုင်မယ့် ကမ္ဘာ့အဆင့် ခံစစ်မှူးတဦးကို ဝယ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ကမ္ဘာ့ဖလား ၊ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဗာရန်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Sport Bible

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Foot သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ အကြောင်းကို ရီးရဲလ်မက်ဒရစ် အသင်းထံ အသိပေးခဲ့ကာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် နေပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း + အပိုဆုကြေး ပေါင် ၈သန်း လိုချင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗာရန်းနဲ့ သူ့ရဲ့ မိသားစုဝင်တွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အခြေစိုက်ရာ မန်ချက်စတာမြို့မှာ နေအိမ်တလုံးကို စတင် ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဗာရန်းရဲ့ နေအိမ် ရှာဖွေမှုကို ကူညီနေကြောင်း သိရှိရပါတယ် ခင်ဗျာ…။