စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်သူ ဗာရန်းဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပဲ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်ရှိမှာတော့ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဗာရန်းဟာ ၂၀၁၁ ခုနှစ်ထဲက ပြင်သစ်ကလပ် လန်းစ်အသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာကာ အသင်းရဲ့ အဓိက ခံစစ်မှူး ဖြစ်လာသူ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဘက်က ဗာရန်းကို ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ဟာ ၃နှစ်သာ သက်တမ်း ရှိတာကြောင့် ဗာရန်းက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ တဖက်မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက ဗာရန်းကို ရောင်းချဖို့ စဉ်းစားထားပြီး ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ ဗာရန်းကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အင်္ဂလန် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က အပြိုင် စိတ်ဝင်စားနေပြီး နှစ်သင်းစလုံးဟာ ဗာရန်းရဲ့ အေးဂျင့်ဖြစ်သူထံ ချဉ်းကပ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ ဗာရန်းကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်မှုကို ယူရို ၂၀၂၀ ပြိုင်ပွဲ အပြီးမှ ပြုလုပ်ဖို့ စဉ်းစားထားပြီး သူ့ရဲ့ ဦးစားပေး အသင်းဟာ ပီအက်စ်ဂျီအသင်း ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ကတော့ ဗာရန်းရဲ့ နေရာကို ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ကွန်ဒီနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။