စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက နောက်ခံလူတဦး ဖြစ်တဲ့ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချသွားခဲ့ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက စိတ်ဝင်စားနေကာ ယူနိုက်တက်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဗာရန်းကို ခေါ်ယူနိုင်အောင် ကြိုးစားနေပါတယ်။

Photo Credit: ABC

အသက် ၂၈နှစ် အရွယ် ပြင်သစ် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းထံကို ၂၀၁၁ ခုနှစ်ထဲက ပြောင်းရွှေ့ကြေး ယူရို ၁၁သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းမှာ ဆယ်စုနှစ် တခုကြာအောင် ကစားခဲ့ပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပါတယ်။ ဗာရန်းဟာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာကြောင့် သူ့အနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောမတူပါက ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဗာရန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီး ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းခန့် လိုချင်နေကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: ABC

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတခု ဖြစ်တဲ့ ABC သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗာရန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရီးရဲလ်မက်ဒရစ် အသင်းဘက်က သူ့ကို ကမ်းလှမ်းလာတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့တဲ့ အဓိက အကြောင်းအရင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းက ကမ်းလှမ်းလာတဲ့ စာချုပ်သက်တမ်းဟာ တိုတောင်းနေတာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က ဗာရန်းကို ကာလရှည် စာချုပ် ချုပ်ဆိုဖို့ အဆင်သင့် ဖြစ်နေပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းက ဗာရန်းအတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း အစား ပေါင် ၃၅သန်း ဝန်းကျင်သာ ပေးချေလိုနေကြောင်းလည်း ABC သတင်းဌာနက ဆိုပါတယ်။