မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဖြစ်သူ ရာဖယ်ဗာရန်းဟာ အခု လတ်တလောမှာ ကျင်းပပြီးစီးသွားခဲ့တဲ့ UEFA Nations League ပြိုင်ပွဲကို ဗိုလ်လုပွဲအဆင့်ထိ ယှဉ်ပြိုင်ကစားခဲ့ရင်းနဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်ပွဲစဉ် ပထမပိုင်း ပြီးခါနီးလောက်မှာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဆင်မှုကို ဟန့်တားရင်း ပေါင်ခြံဒဏ်ရာ ခံစားလိုက်ရတာကြောင့် ပွဲကို ဆက်လက်မကစားနိုင်တော့ပဲ အူပါမယ်ကာနိုနဲ့ လူစားလဲခဲ့ရတဲ့အပြင် ရက်သတ္တပတ်အနည်းငယ်လောက် ထပ်မံအနားယူသွားရတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : BBC

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဗာရန်းဟာ ပြီးခဲ့တဲ့နှစ် နွေစျေးကွက်အတွင်းကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ခံစစ်မှာလည်း အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ပုံမှန်နေရာရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗာရန်းဟာ ပြင်သစ်အသင်းနဲ့ နိုင်ငံတကာတာဝန်တွေ ထမ်းဆောင်နေစဉ်အတွင်းမှာပဲ မမျှော်လင့်ပဲ ဒဏ်ရာပြသာနာတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာကြောင့် ပွဲကျပ်ကာလထဲကို ရောက်ရှိနေတဲ့ သူရဲ့ကလပ်အသင်း ယူနိုက်တက်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ဗာရန်းဟာ ပြင်သစ်အသင်းနဲ့ စပိန်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ Nations League Final ပွဲစဉ်ရဲ့ ပွဲကစားချိန် (၄၃)မိနစ်မှာ ရှင်းထုတ်မှုတစ်ခုကို အလျင်အမြန် လုပ်ဆောင်ခဲ့ရင်းနဲ့ အခုလို ဒဏ်ရာကိုပါ တစ်ပါတည်း ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ယူနိုိက်တက်အသင်းဘက်က ဗာရန်းဟာ ပေါင်ခြံကြွက်သားဒဏ်ရာ ရရှိခံစားနေရတာဖြစ်တာကြောင့် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရတော့မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ဗဟိုခံစစ်ကစားသမား (၂)ယောက်လုံး ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့်ပွဲစဉ်တွေအတွင်း အဲရစ်ဘိုင်လီနဲ့ ဗစ်တာလင်ဒီလော့တို့ကို ပြန်လည်အသုံးပြုရဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် Weekend မှာ လက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာပဲ စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိိဂ် အုပ်စုတတိယပွဲစဉ်ကိုပါ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။