MySport Myanmar

ခေါင်းတိုက်ခြင်းကနေ ရရှိလာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမား ရာဖယ်လ် ဗာရန်းဟာ ကစားသမားဘဝ တစ်လျှောက်လုံး ခေါင်းတိုက်မှုတွေ လုပ်ဆောင်လာခဲ့ရာကနေ ရရှိလာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတာကြောင့် ဒီရာသီထဲ ယူနိုက်တက်ရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရတာလို့ ဖွင့်ဟလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ဂျာမနီတို့ ရင်ဆိုင်ခဲ့ချိန် ကတည်းက ဗာရန်းဟာ ဦးခေါင်းထိခိုက်မှုကနေ သူရဲ့အမြင်အာရုံတွေ ပင်ပန်းနွမ်းနယ်လာမှုကို ခံစားမိလာခဲ့ရလို့ ပွဲကိုပါ အသေအချာ အာရုံစိုက် မကစားနိုင်ခဲ့ဘူးလို့ ပြင်သစ် နာမည်ကြီး သတင်းစာ L’Equipe နဲ့ အင်တာဗျူးမှာ ဖြေဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

“ပွဲကစားနေစဉ်အတွင်းမှာ ကျွန်တော်က ခေါင်းတိုက်မှုတွေကို အကြိမ်ပေါင်းများစွာ ဆက်တိုက် လုပ်ဆောင်တက်တယ်။ နောက်နေ့တွေမှာဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေအပြင် ပြင်းထန်တဲ့ အမြင်အာရုံ ပင်ပန်းနွမ်းနယ်မှုတွေကိုပါ ခံစားလာခဲ့ရတယ်။”

“ဒါကို ကျွန်တော် အသင်းက ဝန်ထမ်းတွေဆီ အကြောင်းကြားပြီး ကျွန်တော် ကစားဖို့ အဆင်မပြေဘူးလို့ အသိပေးခဲ့ပါတယ်။ သူတို့ကလည်း ကျွန်တော့်ကို မကစားဖို့ ပြင်းပြင်းထန်ထန်နဲ့ကို တိုက်တွန်းကြတယ်။ ကျွန်တော် ဆရာဝန်တစ်ဦးဆီမှာ စစ်ဆေးမှု ခံယူပြီးနောက် ရလဒ်တွေကို ဝန်ထမ်းတွေဆီ ပေးပို့ခဲ့ပြီး နောက်ပွဲတွေကိုလည်း ကျွန်တော် အနားယူခဲ့ရပါတယ်။”

Photo Credit : L’Equie

“တကယ်လို့ ကျွန်တော်သာ ဒီလို စစ်ဆေးမှုတွေ မလုပ်ဆောင်ဖြစ်ခဲ့ရင်တော့ ကျွန်တော်က အသင်းရဲ့ ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားရနိုင်ပါလိမ့်မယ်။ ရိုးရိုးသားသား ပြောရရင် ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကြောင့် အသင်းရဲ့ ပွဲတွေကို မကစားရတာကို စိတ်မကောင်းဘူး။” လို့ ဗာရန်းက ပြောဆိုသွားခဲ့ပါတယ်။

ဗာရန်းဟာ ခေါင်းတိုက်ခြင်းကနေ ရလာတဲ့ ဆိုးကျိုးတွေကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဂျာမနီ ခံစစ်မှူး ဟမ်းမဲလ်စ်ရဲ့ ခေါင်းတိုက်ဂိုးကို သေချာ မရှင်းထုတ်နိုင်ခဲ့သလို ၂၀၂၀ ချန်ပီယံလိဂ်တုန်းကလည်း မန်စီးတီးနဲ့ ရင်ဆိုင်ချိန်မှာ အမှားတွေ လုပ်ဆောင်ခဲ့ရင်း သူ့အသင်းဟောင်း ရီးယဲလ်က ရှုံးပွဲ ကြုံခဲ့ရပါတယ်။

Exit mobile version