ယမန်နေ့ညမှာတော့ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူ ဗာရန်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တစု ကြာအောင် ကစားခဲ့သူ တဦး ဖြစ်ပြီး အသင်းနဲ့ ရရှိနိုင်တဲ့ ဆုဖလား အားလုံးကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။\

Photo Credit: Metro

ဒါကြောင့်ပဲ ဗာရန်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။

လက်ရှိမှာတော့ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားမှာလည်း ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်း + အပိုဆုကြေးတွေကို ပေးချေရဖို့ ရှိကာ ဗာရန်းကိုတော့ ကနဦး ၄နှစ် + ၁နှစ် ထပ်မံ သက်တမ်း တိုးနိုင်မယ့် စာချုပ်တရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာပါ။

အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အခြေစိုက်ရာ မန်ချက်စတာမြို့ဆီ လာရောက်ဖို့ စီစဉ်နေပြီး အင်္ဂလန်နိုင်ငံကို ရောက်ပါက ကွာရန်တင်း ဝင်ဖို့ ကိစ္စတွေကို သူ့ရဲ့ ကိုယ်စားလှယ်တွေက ပြုလုပ်နေသလို ဗုဒ္ဓဟူးနေ့မှာပဲ သူ့ရဲ့ ဆေးစစ်မှုတွေကို လုပ်ဆောင်ဖွယ် ရှိကြောင်း သိရပါတယ်။