ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဗာရန်းဟာ သူနဲ့ တနိုင်ငံထဲသား ပီအက်စ်ဂျီ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာအောင် စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဗာရန်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေကြေး ပေါင် ၃၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Euro Sports

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေကတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လက်ရှိမှာ အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေထဲမှာ အင်္ဂလန် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေ ပါဝင်နေကာ လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကတော့ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Photo Credit: Euro Sports

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းပြနေတဲ့ ဗာရန်းကတော့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အမ်ဘာပေရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို အမ်ဘာပေကိုလည်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဗာရန်းက – “အမ်ဘာပေက လက်ရှိမှာ ကစားရမယ့် ပွဲတွေကိုပဲ အဓိက အာရုံစိုက်ထားပါတယ်။ သူက သူ ဘာဖြစ်ချင်လဲ ဆိုတာကို ကောင်းကောင်း သိပါတယ်။ တကယ်လို့ သူကသာ မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်ခဲ့မယ် ဆိုရင် သူ့ကို ပျော်ပျော်ကြီး ကြိုဆိုသွားမှာပါ။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာမယ့် လအနည်းငယ် အတွင်းမှာ သိရပါလိမ့်မယ်။ သူဟာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ကစားသမား တဦးပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။