ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ခံစစ်မှူး ရာဖယ်လ် ဗာရန်းဟာ လက်ရှိမှာတော့ စီးရီးအေကလပ် ကိုမိုအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ဆွေးနွေးဖို့အတွက် အီတလီနိုင်ငံဆီကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် free agent player ဖြစ်သွားခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံဟောင်း နောက်ခံကစားသမားကြီး ဗာရန်းကို ဆော်ဒီကလပ်တွေ မေဂျာလိဂ်ကလပ်တွေအပြင် ဥရောပကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဒီရာသီမှ စီးရီးဘီကနေ စီးရီးအေဆီ တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းကပါ ဗာရန်းကို ခေါ်ယူချင်နေပါတယ်။

Photo Credit : Fabrizio Romano

ဘာစီလိုနာ အာဆင်နယ် ချယ်လ်ဆီးနဲ့ မိုနာကိုအသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲကြီးဆီ တန်းတက်လာပြီးနောက်ပိုင်း ရိုးမားရဲ့ အီတလီ တိုက်စစ်မှူး ဘယ်လော့တီကို ခေါ်ယူထားသလို ခံစစ်ပိုင်းအတွက်ကိုလည်း ဗာရန်းကို ချိန်ရွယ်လာခဲ့ပါတယ်။

ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ များစွာ ရှိနေတဲ့အထဲကမှ ဗာရန်းကို ခေါ်ယူဖို့ဆိုတာ မလွယ်ကူနိုင်ပေမယ့် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ ဗာရန်းဟာ ကိုမိုအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ဆွေးနွေးသွားဖို့အတွက် အီတလီနိုင်ငံ ကိုမိုမြို့ဆီကို ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။

Photo Credit : Youtube

ဗာရန်းက ကိုမိုအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်သွားမှာ ဖြစ်သလို ကိုမိုအသင်းကို စီးရီးဘီကနေ စီးရီးအေပြိုင်ပွဲဆီ ပို့ဆောင်ပေးထားနိုင်ခဲ့တဲ့ ကိုမိုနည်းပြ ဖာဘရီဂတ်စ်နဲ့ပါ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။

ဗာရန်းအနေနဲ့ကလည်း ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်တွေဆီကိုသွားပြီး မက်မောလောက်စရာ လုပ်ခလစာတွေကို ရယူသွားဖို့ထက် ဥရောပ ဘောလုံးနယ်ပယ်မှာသာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေသေးတာကြောင့် ကိုမိုရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနိုင်ပြီး ဆွေးနွေးမှုတွေဟာလည်း တိုးတက်ကောင်းမွန်လျက် ရှိနေပါတယ်။