MySport Myanmar

ဒဏ်ရာ ပြဿနာတွေကြောင့် ကစားသမားဘဝကို အဆုံးသတ်ဖွယ် ရှိနေတဲ့ ဗာရန်း

ကိုမိုအသင်းရဲ့ ပြင်သစ် ဝါရင့် နောက်ခံကစားသမားကြီး ရာဖယ်လ် ဗာရန်းက သူ ရင်ဆိုင်နေရတဲ့ ဒဏ်ရာ ပြဿနာ အခြေအနေတွေကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူလိုက်ဖို့အထိပါ စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်း ကမ္ဘာ့ဖလား ချန်ပီယံဟောင်းကြီး ဗာရန်းဟာ လက်ရှိမှာ အသက် (၃၁)နှစ်အရွယ်သာ ရှိနေသေးပေမယ့် ဒဏ်ရာ ပြဿနာတွေ နှိပ်စက်မှုဒဏ်နဲ့ အလူးအလဲ ရင်ဆိုင်နေရသူ ဖြစ်ပြီးတော့ ကိုမိုအသင်းအတွက်ကိုလည်း ကိုပါအီတလီယာ ပွဲစဉ်တစ်ပွဲလေးသာ ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဗာရန်းဟာ လက်ရှိမှာ ဒူးဒဏ်ရာ ခံစားနေရတာကြောင့် ကိုမိုအသင်းရဲ့ အီတလီ စီးရီးအေ ပွဲစဉ် (၅)ပွဲလုံး လွဲချော်ထားခဲ့ရပြီး ဘယ်အချိန်မှ အသင်းအတွက် ပြန်ကစားပေးနိုင်မလဲဆိုတာလည်း မသိရှိရသေးဘဲ ဖြစ်နေပါတယ်။ ကိုမိုလို စီးရီးအေ တန်းတက်အသင်းအနေနဲ့ ဗာရန်းလို World Cup ချန်ပီယံဟောင်းကြီးကို ခေါ်ယူထားနိုင်တာက ဂုဏ်ယူစရာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိကတော့ ဗာရန်းကို (၂၃)မိနစ်တည်းသာ အသုံးပြုထားရပါသေးတယ်။

ဗာရန်းဟာ ယူနိုက်တက် ကစားသမားဘဝတုန်းကလည်း ဒဏ်ရာ ပြဿနာတွေကြောင့် ပွဲစဉ်ပေါင်း (၄၅)ပွဲအထိ လွဲချော်ထားခဲ့ဖူးပြီး ဒီပမာဏက ဘောလုံးရာသီ တစ်ရာသီစာလောက်အထိကို ရှိနေပါတယ်။ ပြိုင်ပွဲအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး ခံစစ်ပိုင်း အရည်အသွေးကောင်းသူ ဖြစ်ပေမယ့်လည်း ဒဏ်ရာတွေကြောင့် ဗာရန်းရဲ့ကစားသမားဘဝ နေဝင်ချိန်က မလှမပ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Transfer-Site

ကမ္ဘာ့ဖလား ချန်ပီယံလိဂ်ဖလား နေးရှင်းစ်လိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား အက်ဖ်အေဖလား လာလီဂါဖလားတို့ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဗာရန်းဟာ သူရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ကိုမိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ (၂)နှစ်စာချုပ်ကိုပါ ဖျက်သိမ်းပြီး ဘောလုံးသမားဘဝကနေ အနားယူသွားဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

ပြင်သစ် အခြေစိုက် သတင်းမီဒီယာ Le Parisies ကနေ ဗာရန်းက ကစားသမားဘဝကနေ အနားယူဖို့အတွက် စဉ်းစားနေပြီလို့ သတင်းဖော်ပြလာခဲ့သလို နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဗာရန်းအနေနဲ့ ဒဏ်ရာတွေ နှိပ်စက်မှုကြောင့် အသက် (၃၁)နှစ်အရွယ်နဲ့ပဲ သူရဲ့ ပရော်ဖက်ရှင် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ စီစဉ်နေပြီလို့ ဖော်ပြလာပါတယ်။

Exit mobile version