စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူ ဗာရန်းဟာ ယခု သီတင်းပတ် အတွင်းမှာပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့နိုင်ဖွယ် ရှိကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေသူပါ။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းကို အသင်းမှာပဲ ဆက်လက် ရှိနေအောင် စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဗာရန်းဘက်က အဆိုပါ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချခဲ့ကာ ပရီးမီယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဗာရန်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး အသင်းနှစ်သင်းကြားမှာလည်း သူ့ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ အတော်လေးကို တိုးတက်နေကြောင်း သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဗာရန်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်း တသင်းထဲနဲ့သာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို သူ့ရဲ့ အသင်းပြောင်းချင်တဲ့ ဆန္ဒကိုလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တာဝန်ရှိသူတွေ သိရှိအောင် ပြောကြားထားကြောင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားမှာလဲ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေဟာ ပြီးပြတ်ဖို့ နီးစပ်နေကြောင်း ယနေ့မနက်ပိုင်းမှာ ပြောကြားထားပါတယ်။

စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဗာရန်းအတွက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားက ဆွေးနွေးမှုတွေဟာ ရက်ပိုင်းအတွင်း ပြီးပြတ်ဖို့ ရှိကာ ပြောင်းရွှေ့ကြေးဟာ ယူရို ၄၅သန်း ဝန်းကျင် ဖြစ်ပြီး ဗာရန်းဟာ ယခု သီတင်းပတ် အကုန်မှာပဲ မန်ချက်စတာမြို့ဆီ လာရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။