ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဘောလုံးပြိုင်ပွဲတခု ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အငြင်းပွားစရာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ VAR စနစ်ကို မွမ်းမံမှုတွေ ပြန်လည် ပြုလုပ်ခဲ့ရာ ယခု ရာသီသစ်မှာ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုတွေ ကနေ ပင်နယ်တီ ရရှိမှုတွေကို တားဆီးမယ့် စည်းမျဉ်းသစ်လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ VARစနစ်နဲ့ ပတ်သတ်ပြီး အငြင်းပွားမှု များစွာ ဖြစ်ပေါ်ခဲ့သလို ပင်နယ်တီရရှိမှုလည်း မြင့်တက်ခဲ့တာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ FAဟာ ယခုနှစ် ဘောလုံးရာသီ မစတင်မီမှာ VARနဲ့ ပတ်သတ်ပြီး စည်းမျဉ်းသစ် တချို့ကို ထည့်သွင်းခဲ့ရာ အဆိုပါ စည်းမျဉ်းတွေအနက် ဂိုးဧရိယာ အတွင်း လှဲချမှုတွေကို အဓိကထား သုံးသပ်ရမယ့် စည်းမျဉ်းသစ် ပါဝင်လာပါတယ်။

Photo Credit: Express

စည်းမျဉ်းသစ်ကတော့ ကစားသမားတဦးက ဂိုးဧရိယာအတွင်း လှဲချခံရတဲ့အခါ တဖက် ကစားသမားရဲ့ သူ့အပေါ် ထိချက် ၊ ဘောလုံးကို တားဆီးဖို့ ရည်ရွယ်ချက် ရှိ ၊ မရှိ ၊ အဆိုပါ တားဆီးမှုကို မခံရပါက ဘောလုံးရဲ့ လားရာလမ်းကြောင်း စတဲ့ အချက်တွေကို အသေးစိတ် ကြည့်ရှုရမယ့် စည်းမျဉ်းပဲ ဖြစ်ပါတယ်။

အဆိုပါ စည်းမျဉ်းသစ်အရ ဟန်ဆောင် ဒိုင်ဗင်ထိုးမှုတွေကြောင့် ပင်နယ်တီ ပေးရမှုတွေ လျော့နည်းသွားဖို့ ရှိနေသလို ပင်နယ်တီ ပေးဖို့ အတွက် ဖြစ်စဉ်ကို ပြန်လည် ကြည့်ရှုသုံးသပ်ရမယ့် အချိန်တွေ နည်းသွားဖို့ ရှိနေတာကြောင့် ပွဲရဲ့အရှိန်ဟာ ပိုမို မြန်ဆန်လာလိမ့်မယ် လို့ VARစနစ်နဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Photo Credit: Express

VARစနစ်နဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ တဦး ဖြစ်တဲ့ ရိုင်လေကလည်း စည်းမျဉ်းသစ်နဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ရိုင်လေက – “အခြေခံအားဖြင့် ကျွန်တော်တို့က ကစားသမားတွေ သူတို့ရဲ့ အရည်အချင်းကို ပြသနိုင်အောင်နဲ့ ပရီးမီးယားလိဂ် ပိုမို ရှင်သန်လာစေဖို့ ရည်ရွယ်ထားပါတယ်။ အဓိပ္ပါယ်ကတော့ ဒိုင်အဖွဲ့ (ကွင်းလယ်ဒိုင်အဖွဲ့နဲ့ VARအဖွဲ့) က အရေးမပါတဲ့ ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ်မှု မရှိရအောင် လုပ်ထားတာပါ။ အဲ့ဒါက ပွဲရဲ့ အရှိန်ကို ပိုပြီး မြန်ဆန်လာစေဖို့ ရှိနေသလို ပြီးခဲ့တဲ့ရာသီကလို အငြင်းပွားစရာ ဖြစ်ရပ်တွေ နည်းပါးသွားစေမှာ သေချာပါတယ်” လို့ ပြောခဲ့တာပါ။