နယ်သာလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့် နည်းပြကြီး ဗန်ဟားလ် ကတော့ ယနေ့မနက် အစောပိုင်းမှာ နော်ဝေအသင်းနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာပဲ နယ်သာလန်အသင်းဟာ ယခင်ကလို ကမ္ဘာ့ထိပ်သီးအသင်း မဟုတ်တော့ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ဗန်ဟားလ်ရဲ့ လက်အောက်မှာ ကစားခဲ့ရတဲ့ ပထမဦးဆုံး ပွဲစဉ်မှာ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် နော်ဝေ ဂိုးသမား ဟန်ဆန်ရဲ့ လက်စွမ်းတွေကြောင့် လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ တဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

Photo Credit: Standard

အဆိုပါပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို နော်ဝေအသင်းက ဦးစွာ ရရှိခဲ့တာ ဖြစ်ပြီး လူငယ် တိုက်စစ်မှူး ဟာလန်းက ပွဲကစားချိန် မိနစ်၂၀မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ နယ်သာလန်အသင်း အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၃၇မိနစ်မှာ ကွင်းလယ်လူ ကလာဆန်က သွင်းယူပေးခဲ့ပါတယ်။

နော်ဝေအသင်းနဲ့ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့အပြီးမှာ ဗန်ဟားလ်က နယ်သာလန်အသင်းဟာ ကမ္ဘာ့ထိပ်သီးအသင်း တသင်း မဟုတ်တော့ကြောင်းနဲ့ နည်းစနစ်ပိုင်းမှာ ပိုမို ကျွမ်းကျင်လာအောင် လုပ်ဆောင်ဖို့ လိုအပ်သေးကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

ဗန်ဟားလ်က – “ကျွန်တော်တို့က ဒတ်ချ်အသင်း (နယ်သာလန်အသင်း) ဟာ ကမ္ဘာ့ထိပ်သီး အသင်းတသင်းလို့ ယူဆနေကြပါတယ်။ တကယ်တော့ ဒါက မမှန်ပါဘူး။ ကျွန်တော်တို့တွေ အသင်းတသင်းလို စွမ်းဆောင်ပြဖို့ လိုအပ်ပါတယ်။ နော်ဝေက ဒီနေ့ပွဲမှာ အရမ်းကောင်းတဲ့ အသင်းလိုက် ကစားပုံကို ပြသခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဒီနေ့ပွဲမှာ မလုပ်နိုင်ခဲ့တဲ့ ဖန်တီးနိုင်စွမ်းကို လာမယ့်ပွဲတွေမှာ လုပ်ပြနိုင်ဖို့ လိုပါမယ်။ ကျွန်တော်တို့က ဘောလုံးတွေကို အလွယ်တကူ ဆုံးရှုံးခဲ့ရတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် တဖက်အသင်းက နေရာလွတ်တွေကို ပိတ်ဆို့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့လို့ပါ။ တကယ်ဆို ကျွန်တော်တို့က ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြီး ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့သင့်ပါတယ်” လို့ ပြောကြားခဲ့တာပါ။