MySport Myanmar

ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရခဲ့လို့ ပျော်နေတဲ့ မိုနာကိုကြယ်ပွင့် ဗန်ဒါဆန်

ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုရဲ့ အဓိက ညာနောက်ခံလူ ဗန်ဒါဆန်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရခဲ့လို့ ပျော်ရွှင်မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ဂိုးသမား ၊ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ကြိုးစားခဲ့သလို မေဆန်မောင့် ၊ ဟွိုက်လန်း ၊ အမ်မရာဘက် (အငှား) ၊ အိုနာနာ ၊ ဘယင်ဒါ ၊ အီဗန် (အလွတ်) ၊ ရယ်ဂူလင် (အငှား) စတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ် ၊ ကွင်းလယ်နဲ့ ဂိုးသမား နေရာတွေကို အဓိက အင်အားဖြည့်တင်းခဲ့ပေမယ့် အသင်းရဲ့ ညာနောက်ခံလူ ဒါးလော့ကို စိတ်ဝင်စားတဲ့ အသင်းတချို့ ရှိခဲ့တာကြောင့် ဒါးလော့သာ အသင်းပြောင်းခဲ့ရင် ဒါးလော့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ညာနောက်ခံလူတွေကို ချိတ်ဆက်ခဲ့ဖူးပြီး ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ဗန်ဒါဆန်လည်း ပါဝင်နေပါတယ်။

အသက် ၂၂နှစ် အရွယ် ပူပူနွေးနွေး ဘရာဇီးလ် လက်ရွေးစင် ညာနောက်ခံလူ ဗန်ဒါဆန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မိုနာကိုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူက မိုနာကို အတွက် ပြိုင်ပွဲစုံမှာ ၆၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football Transfer

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဗန်ဒါဆန်က သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆက်သွယ်မှုကို ရခဲ့ပြီး ယူနိုက်တက်က သူ့အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ခဲ့ပေမယ့် သူကတော့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ရုံနဲ့ ပျော်ရွှင်မိကြောင်း ဆိုလာပါတယ်။

ဗန်ဒါဆန်က – “ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့တဲ့အပေါ် ကျေနပ်မိပါတယ်။ ယူနိုက်တက်က ကျွန်တော့်အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ခဲ့ပေမယ့် အသင်းကြီး တသင်းရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာဟာ ကမ္ဘာကြီးက ကျွန်တော့်ကို စောင့်ကြည့်နေပြီ ဆိုတဲ့ ခံစားချက်မျိုး ရစေပါတယ်။ ဒီလို စိတ်ဝင်စားခံခဲ့ရတဲ့ အတွက် ပျော်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version