ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီဟာ အာဆင်နယ်အသင်း ကနေ မန်ယူအသင်းထံ ပြောင်းရွှေ့ အပြီးမှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပေမယ့် မန်ယူအသင်းကနေ ထွက်ခွာချိန်မှာ အာဆင်နယ်အသင်း ထံ ပြန်လည် ပြောင်းရွှေ့ဖို့ အတွက် စိတ််ကူးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အကြောင်းအရာတွေကို ပြန်လည် ဖောက်သည် ချခဲ့တဲ့သူ ကတော့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်း အာစင်ဝင်းဂါးဖြစ်ပြီး ဝင်းဂါးက သူ့ရဲ့ ဘဝအကြောင်း ရေးသားထားတဲ့ စာအုပ်ထဲမှာ ဗန်ပါစီက အာဆင်နယ်အသင်းဆီ ပြန်လာချင်ခဲ့တဲ့ အကြောင်းကို ရေးသား ဖော်ပြခဲ့ပါတယ်။

Photo Credit: Express

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးတဲ့ ဗန်ပါစီဟာ အာဆင်နယ်အသင်းကို ၂၀၀၅ ခုနှစ်ထဲက ရောက်ရှိခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ ရနှစ် ကြာအောင် ရှိနေခဲ့ကာ အက်ဖ်အေဖလား တစ်ကြိမ် ၊ ကွန်မြူနတီဒိုင်းဖလား ၂ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ ဗန်ပါစီဟာ အာဆင်နယ်အသင်း ကနေ မဟာပြိုင်ဘက် အသင်းဖြစ်တဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၄သန််းနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား တစ်လုံးနဲ့ ကွန်မြူနတီဒိုင်း ဖလားတစ်ကြိမ်ကို မန်ယူအသင်းနဲ့ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။ ဗန်ပါစီဟာ ၂၀၁၅ခုနှစ် မှာတော့ မန်ယူအသင်းကနေ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဖီနာဘာချီအသင်း ထံ မပြောင်းရွှေ့မီမှာ အာဆင်နယ်အသင်းဆီ ပြန်ပြောင်းချင်ကြောင်း သူ့ဆီ ဖုန်းဆက်ကာ ပြောခဲ့တယ် လို့ ဝင်းဂါးက သူ့ရဲ့ စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

Photo Credit: Express

ဗန်ပါစီရဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အာစင်ဝင်းဂါးက “ ၂၀၁၂ခုနှစ်တုန်းက သူဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို ဒေါသထွက်ခဲ့ကြပေမယ့် ကျွန်တော်တို့ ဟာ သူလိုချင်တဲ့ ပမာဏကို ပေးချေဖို့ အဆင်မပြေခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ အပြောင်းအရွှေ့ အတွက် ကျွန်တော်ကိုယ်တိုင် ပါဝင် လုပ်ဆောင်ခဲ့ပြီး စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမား တစ်ယောက်အတွက် ပေါင် ၂၄သန်း ရရှိတာက အရမ်းကို ကောင်းမွန်တဲ့ လုပ်ဆောင်မှု တစ်ခုပါ။ ကျွန်တော်က အသင်းရဲ့ အကျိုးအတွက်ပဲ အမြဲတမ်း ဦးစားပေး စဉ်းစားလေ့ရှိသူပဲ ဖြစ်ပါတယ်။ ဗန်ပါစီက မန််ယူအသင်းဆီ စရောက်တဲ့ ပထမ ခြောက်လအတွင်းမှာ အရမ်းကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံ လမ်းကြောင်းဆီ တွန်းပို့ပေးနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အသင်းအတွက် အတော်ကို ခက်ခဲတဲ့ အရာပါပဲ။ ဒါပေမယ့် မန်ယူအသင်းဆီ ရောက်ပြီး ၃နှစ် အကြာမှာတော့ သူက ဒဏ်ရာ ရရှိခဲ့ပြီး ဖာဂူဆန်(တကယ်တော့ ဗန်ဟားပါ)က သူ့ကို ရောင်းချဖို့ လုပ်ခဲ့ပါတယ်။ သူက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အသင်းထံ ပြန်လာလို့ ရမလား ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါက မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒီအချိန်က သူ့ကစားသမား ဘဝရဲ့ အဆုံးသတ် အချိန်ပါ။ ကျွန်တော်တို့က ငယ်ရွယ်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူချင်ပါတယ် “ ဆိုပြီး သူ့ရဲ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။