တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ သူ့ရဲ့ အသင်းဟောင်း မန်ယူအသင်းအနေနဲ့ ရောက်လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူသင့်တယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ လက ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး အင်ဟာလိုကို လက်ရှိရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့ပေမဲ့ ဗန်ပါစီက ကာဗာနီကို ကာလရှည်စာချုပ်နဲ့ ခေါ်ယူသင့်တယ်လို့ ယူဆနေပါတယ်။

Photo Credit: Dailymail

မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ယခုအပတ် တနင်္လာနေ့က မန်ယူအသင်းအနေနဲ့ ဘယ်လို ကစားသမားကို ခေါ်ယူသင့်သလဲလို့ လူမှုကွန်ရက်တွစ်တာမှာ အမေးခံလိုက်ရတော့ ကာဗာနီပါလို့ ပြန်ပြီးဖြေသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံရတာမို့လို့ မခေါ်နိုင်ခဲ့တာ ဖြစ်ပြီး မန်ယူ တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ ပြန်ကြိုးစားကြည့်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူးဟောင်း ဗန်ပါစီကို နာတာလီလို့ အမည်ရတဲ့ ပရိသတ် တစ်ဦးက မန်ယူအသင်းအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ဘယ်လို ကစားသမားကို ခေါ်ယူသင့်ပါသလဲလို့ လူမှုကွန်ရက် တွစ်တာမှာ မေးသွားခဲ့ပါတယ်။ ဗန်ပါစီဟာ နာတာလီရဲ့ မေးခွန်းကို ပြန်ဖြေသွားပြီး သူက “ကာဗာနီကို ခေါ်ယူသင့်တယ်။ သူက သိပ်ကို ပြောင်မြောက်တဲ့ ကစားသမား ဖြစ်ပြီး သူ့ကို ခေါ်ယူလို့လည်း ရမှာပါ။ သူက ဂိုးသွင်းစက်ပါ”လို့ လူမှုကွန်ရက် တွစ်တာမှာ ပြန်ဖြေသွားပါတယ်။