လက်ရှိ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ယူ အသင်းကို အခုလို လူကြိုက်အများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့တဲ့ သူကတော့ စကော့တလန်သား ဆာအဲလက်စ်ဖာဂူဆန်ပဲ ဖြစ်ပါတယ်။ မန်ယူ အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာကို ရယူပေးနိုင်ခဲ့တဲ့ ဖာဂူဆန်ဟာ သူ့ရဲ့နည်းပြဘဝမှာ အောင်မြင်တဲ့ ကစားသမားတွေ များစွာကို မွေးထုတ်ပေးနိုင်ခဲ့သလို သူ့ရဲ့ကစားသမားတွေ ကို အမြဲလိုလို ဆူပူကြိမ်းမောင်းတတ်တဲ့ အမူအကျင့်ကြောင့် မန်ယူအသင်းရဲ့ ကစားသမားတွေက ဖာဂူဆန်ကို ” လေပူမှုတ်စက် ” ဆိုပြီး နာမည်ပြောင် ပေးထားခဲ့ကြပါတယ်။ မန်ယူ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့ဖူးတဲ့ ရော်ဘင်ဗန်ပါစီကတော့ ဖာဂူဆန်ရဲ့ ဒေါသကြီးမှုနဲ့ ကစားသမားတွေကို အမြဲတမ်း ဂရုတစိုက်နဲ့ စောင့်ကြည့်နေတတ်တဲ့အကြောင်း ကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Express.com

 

” ကျွန်တော့်ရဲ့ မန်ယူအသင်းမှာ ကစားတဲ့ ပထမဦးဆုံးရာသီမှာ ကျွန်တော်တို့ဟာ မန်စီးတီး အသင်းထက် ၁၅မှတ်အသာရနေခဲ့ပြီး အဲ့ဒီ အချိန်မှာ သူတို့အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပါတယ် ” လို့ ဗန်ပါစီက အစချီကာ ပြောပြလာခဲ့ပါတယ်။ ” ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ထက် ၁၂မှတ်တောင် သာနေပါသေးတယ်။ သာမန် အခြေအနေမှာ ဘယ်နည်းပြကမှ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်မယ် မထင်ပါဘူး။ ဒါပေမယ့် ဘော့စ်က အတော်လေးကို ပေါက်ကွဲခဲ့ပါတယ်။ ပြီးတော့ အဖြစ်အပျက်တွေက အတော်လေး အရှိန်ပြင်းလာခဲ့တယ်။ အဲ့ဒီရှုံးပွဲ အပြီးမှာ ကစားသမားနှစ်ယောက်က အပြင်ကို ထွက်လည်ခဲ့ကြတယ်။ နောက်ရက်လဲကျရော ဘော့စ်က သူတို့နှစ်ယောက်ရဲ့ ပုံတွေကို အဝတ်လဲခန်းထဲမှာ ကပ်ထားရောဗျ။ ၂နာရီမှာ ဘာလုပ်ခဲ့တယ်။ သုံးနာရီမှာ ဘာလုပ်ခဲ့တယ်။ လေးနာရီမှာဘာလုပ်ခဲ့တယ် အဲ့ဒီလိုမျိုးပေါ့ ” လို့ ဖာဂူဆန်ရဲ့ ရှုံးပွဲကို လက်သင့်မခံတဲ့ကိစ္စနဲ့ ကစားသမားတွေကို အမြဲတမ်း စောင့်ကြည့်နေတဲ့ အမူအကျင့်ကို ပြောပြခဲ့ပါတယ်။

Photo Credit: Express.com

ဆက်လက်ပြီး ဖာဂူဆန်ရဲ့ ဒေါသကြီးမှု အကြောင်းကို ဗန်ပါစီက ” ကျွန်တော်က သူတို့ရဲ့ နာမည်တွေကို သိပါတယ်။ ဒါပေမယ့် မပြောပြပါဘူး။ ဘော့စ်က သူတို့ရဲ့ ဓာတ်ပုံတွေကို ပြပြီး သူတို့ကို ပေါက်ကွဲတော့တာပဲဗျာ။ ဒါတင်မကသေးဘူး။ ဘော့စ်က ကျွန်တော်တို့ကို ပြောခဲ့သေးတယ်။ ” ကောင်လေးတွေ ငါတို့တွေသာ ဖလားမရခဲ့ရင် ဒါက ဒီအပြင်ထွက်လည်တဲ့ သောက်သုံးစားမရတဲ့ နှစ်ကောင်ကြောင့်ပဲတဲ့ ” ဒါက ဘော့စ်ရဲ့ ဆူပူကြိမ်းမောင်းမှုတွေပါ။ ပြီးတော့ ဘော့စ်က အဲ့ဒီနေရာမှာတင် မရပ်သွားဘူးနော်။ အသင်းဖလားမရအောင် လုပ်မယ့် လူတွေ အားလုံးကို ရောင်းပစ်မယ်လို့လဲ ကျိန်းသွားသေးတယ်ဗျ။ ဘော့စ်က ” မင်း ဘယ်သူလဲ ၊ ဖလားတွေဘယ်လောက် ရအောင် ယူထားလဲဆိုတာကို ငါဂရုမစိုက်ဘူး။ မင်းတို့တွေ ရာသီ မကုန်ခင် အပြင်ထွက်တာနဲ့ ငါမင်းတို့ကို ရောင်းပြီ ” လို့ ထပ်ပြီး ကြိမ်းမောင်းခဲ့သေးတယ်။ အဲ့ဒီလို ဆူပြီးတဲ့နောက် လေ့ကျင့်ခန်းလုပ်တော့လဲ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အပြင်းထန် ဆုံး လေ့ကျင့်ခန်းနှစ်ခုကို လုပ်ခဲ့ရတာပါ။ အဲ့ဒါပြီးတော့ ကျွန်တော်တို့တွေ ဖလားရခဲ့တာပါပဲ။ ဘော့စ်က ကစားသမားတွေကို ဘယ်အချိန်မှာ ကြိမ်းမောင်းရမလဲဆိုတာ ကောင်းကောင်းသိတဲ့ သူတစ်ဦးပါ ” လို့ ရှင်းပြသွားခဲ့ပါတယ်။