အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ကစားသမားဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီ ဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို အူဘာမီယန်း သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ဆာကာကို သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် ချီးကျူးသွားခဲ့ပါတယ်။ ယနေ့ မနက် ၁:၄၅ မိနစ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ် မှာ အာဆင်နယ်အသင်းနဲ့ လက်စတာအသင်း တို့ဟာ ကိုယ်စီကိုယ်စီ မျှော်လင့်ချက်တွေနဲ့အတူ ကြိုးစား ကစားသွားခဲ့ကြပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ တစ်မှတ်စီ ရမှတ် ခွဲယူခဲ့ကြရပါတယ်။

Photo Credit: Metro

အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ် ဟာ အာဆင်နယ်အသင်းအတွက် ရော လက်စတာအသင်းအတွက်ပါ အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဥရောပပြိုင်ပွဲ ဝင်ခွင့်အတွက် အဆိုပါပွဲစဉ် ကို အရေးနိမ့်လို့ မရသလို လက်စတာအသင်း ဟာလည်း သူတို့အသင်းကို ထပ်ကြပ်မကွာ ဖိအားပေးနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူ အသင်းတို့ကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲကို အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်သင်းစလုံးဟာ ပွဲစတယ်ဆိုတာနဲ့ အပြန်အလှန် တိုက်စစ်ဆင်မှုတွေကို ပြုလုပ်သွားခဲ့ပြီး ကြည့်ရှုသူတွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို နှစ်ဖက်အသင်းရဲ့ ကစားသမားတွေဟာလည်း ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်း အတွက် သွင်းဂိုး ကိုတော့ ပွဲချိန် ၂၁မိနစ်မှာ ဆာကာရဲ့ ပေးပို့မှု ကနေ အူဘာမီယန်းက သွင်းယူပေးခဲ့တာ ဖြစ်ပြီး လက်စတာအသင်းအတ​ွက် ချေပဂိုးကို တော့ ပွဲချိန် ၈၄မိနစ်မှာမှ ဂရေးရဲ့ ပေးပို့မှုကနေ ဗာဒီက သွင်းယူပေးခဲ့တာပါ။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာတော့ အာဆင်နယ်အသင်း အတွက် ဆာကာ ၊ စီဘယ်လော့စ် ၊ တီယာနေး ၊ အူဘာမီယန်း စတဲ့ ကစားသမားတေ​ွက ခြေစွမ်း ပြ ကစားသွားခဲ့ပြီး အဖွင့်ဂိုးမှာဆိုရင် ဆာကာ ရဲ့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြေးမှုဟာ ကောင်းမွန်လှသလို စီဘယ်လော့စ်ရဲ့ Through Ball ထိုးပေးမှုဟာလည်း အတော်လေး ကောင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဗန်ပါစီ ကတော့ အဆိုပါသွင်းဂိုးအတွက် ဆာကာကို ချီးကျူးသွားခဲ့ပြီး လက်ဖျားခါရလောက်အောင် ကောင်းမွန်တဲ့ ဖန်တီးမှုလို့ အမည်တပ်သွားခဲ့ပါတယ်။ ဗန်ပါစီက ” တကယ့်ကို လက်ဖျားခါစရာ ကောင်းတဲ့ ပြေးလွှားမှုနဲ့ ဖန်တီးမှုကို ဆာကာဆီ ကနေ မြင်တွေ့ခဲ့ရတာပါ။ အရှိန် ၊ နည်းစနစ် ၊ အမြင် အားလုံးကောင်းခဲ့ပါတယ် ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။