ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရော်ဘင် ဗန်ပါစီက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေပြီလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: India Today

မားကပ် ရက်ဖို့ဒ်က ဒီရာသီမှာ ပျမ်းမျှ ဂိုးပါဝင်ပတ်သတ်မှုနှုန်း ၁.၀၅ဂိုး ရှိနေတာကြောင့် ဒီရာသီ စွမ်းဆောင်ရည်ဟာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ပြောလို့ ရပြီး ရက်ဖို့ဒ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ခြေစွမ်းတွေ တဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ရက်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: India Today

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရသလို ရက်ဖို့ဒ်နဲ့ ယူနိုက်တက်မှာ တွေ့ဆုံခဲ့ဖူးတဲ့ ဗန်ပါစီက ရက်ဖို့ဒ် တယောက် ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကို ကြည့်ပြီး သဘောကျနေကာ ရက်ဖို့ဒ်ဟာ သူ့ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ရနေပြီလို့လည်း သုံးသပ်သွားခဲ့ပါတယ်။

ဗန်ပါစီက – “ရက်ဖို့ဒ်ဟာ အခုချိန်မှာ သူ့ဘဝရဲ့ အကောင်းဆုံးခြေစွမ်းကို ရနေတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ သူ့ရဲ့ ကစားပုံ ၊ ကြံ့ခိုင်မှု ၊ ပွဲတွင်း အာရုံစူးစိုက်မှု အရာအားလုံးက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ပြီးတော့ သူ့ကို ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူက အခုချိန်မှာ တာဝန်တခုကို စိတ်လိုလက်ရ လုပ်နေတဲ့ ပုံစံမျိုးပါ။ လူတိုင်းက ရက်ဖို့ဒ် ဘယ်လောက်ကောင်းလဲ ဆိုတာကို အစောကြီးထဲက သိခဲ့ကြပါတယ်။ ရက်ဖို့ဒ်က ငယ်ငယ်လေးနဲ့ အောင်မြင်လာတဲ့ ကစားသမား တဦးပါ။ အခုချိန်မှာတော့ သူက နည်းပြနဲ အသင်းဖော်တွေရဲ့ အကူအညီတွေကြောင့် နေရာတိုင်းမှာ အကောင်းဆုံး ဖြစ်နေပါပြီ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။