မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်မှာ ကစားရမယ့် ဆီဗီလာအသင်းဟာ လက်ရှိရာသီ ယူရိုပါလိဂ် ဆုဖလားကို ရရှိနိုင်တဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပေမယ့် မန်ယူအသင်းကို အရင် ကျော်နိုင်မှ ဖြစ်မယ်လို့ ပြောကြားသွားပါတယ်။ လာလီဂါ ပြိုင်ပွဲက ဆီဗီလာအသင်းဟာ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ပရီးမီးယားလိဂ် ကလပ် ဝုဗ်လ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့ညမှာတော့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ဆီဗီလာအသင်းဟာ ယူရိုပါလိဂ် ဆုဖလားကို (၅) ကြိမ် ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် သမိုင်းမှာ ယူရိုပါလိဂ် ဖလား အများဆုံး ရရှိထားတဲ့ အသင်း ဖြစ်နေပြီး လက်ရှိရာသီမှာလည်း ယူရိုပါလိဂ် ဆုဖလားကို နောက်တပ် ထစ်ကြိမ် ရရှိဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်နေပါတယ်။ နည်းပြ လိုပက်တီဂူရဲ့ ဆီဗီလာအသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၉) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဗန်ပါစီက လက်ရှိရာသီမှာ ဆီဗီလာအသင်းက ယူရိုပါလိဂ် ဖလား ရရှိဖို့ ရေပန်းစားနေတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Sportskeeda

Stats Perform News မှာ ဗန်ပါစီက “ဆီဗီလာအသင်းက ယူရိုပါလိဂ် ဆုဖလား ရရှိဖို့ ရေပန်းစားတဲ့ အသင်း တစ်သင်းပါ။ ဒါပေမယ့်လည်း သူတို့အနေနဲ့ အရင်ဆုံး မန်ယူအသင်းကို ကျော်ဖြတ်နိုင်မှ ရပါမယ်။ ဆီဗီလာအသင်းက ဖလား ပြိုင်ပွဲတွေမှာ ဖိုက်တာပါ။ သူတို့က ဒီလိုမျိုး ပွဲစဉ်တွေကို ကစားဖို့ ဖြစ်တည်တာပါ။ ကျွန်တော် အာဆင်နယ်အသင်းကို မပြောင်းခင်က ကျွန်တော် သွားချင်တဲ့ အသင်း (၃) သင်းထဲမှာ ဆီဗီလာ အသင်းလည်း ပါဝင်ခဲ့တယ်။ အဲဒီအသင်းကို ပြောင်းဖို့ ဆွဲဆောင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက မန်ယူအသင်း ကောင်းခဲပေမယ့် ပုံစံကောင်းကို ဆက်ပြရမယ်။ ဆုဖလား မရရင် မအောင်မြင်ဘူးလို့ ပြောလိုက်လို့ မရပါဘူး”လို့ ပြောခဲ့ပါတယ်။