ဘလွန်းဒီအောလို့ လူသိများလှတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ကပဲ သိမ်းပိုက်ရယူနိုင်ခဲ့တာဟာ ဆယ်စုနှစ်တစ်ခုတောင် ကျော်လာခဲ့ပြီး သူတို့နှစ်ယောက်ကိုကျော်လွန်ပြီး ဒီဆုကို ရယူနိုင်ခဲ့တာဆိုလို့ လူကာမိုဒရစ်တစ်ယောက်တည်းသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ မက်ဆီ ရော်နယ်ဒိုတို့ကို ကျော်လွန်ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက ဒီဆုကို ရယူနိုင်ဖို့ ရေပန်းစားနေသလို နယ်သာလန်တိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း လီဝန်ဒေါစကီး ဒီဘရိုင်းနဲ့ မာနေးတို့သာ ဘလွန်းဒီအောရဲ့ Top Three ထဲ ပါဝင်လိမ့်မယ်လို့ သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : AllFootball

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ရော်ဘင်ဗန်ပါစီကတော့ ဂျုဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒို ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတို့ကိုချန်လှပ်ခဲ့ပြီး ဘလွန်းဒီအောဆုအတွက် အကောင်းဆုံးကစားသမား(၃)ယောက်စာရင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းနဲ့ လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးတို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : AllFootball

ဒီ(၃)ယောက်ထဲကမှ ထိပ်ဆုံးနေရာကနေ ရွေးချယ်ထားခဲ့တဲ့ လီဝန်ဒေါစကီးကတော့ နှစ်တိုင်းလိုလို သူရဲ့သွင်းဂိုးတွေနဲ့ ဘိုင်ယန်အသင်းကို အောင်မြင်မှုတွေ ရယူပေးနေသူဖြစ်ပေမယ့် ဒီနှစ်မှာ သူရဲ့စွမ်းဆောင်ရည်တွေက ပိုမိုအသိအမှတ်ပြုချင်စရာကောင်းလောက်အောင် ထက်မြက်လွန်းနေပြီး ပြိုင်ပွဲစုံသွင်းဂိုး(၅၁)ဂိုးအထိတောင် ရယူထားပါတယ်။ ဘိုင်ယန်နဲ့လည်း ဘွန်ဒစ်လီဂါနဲ့ ပိုကယ်ဖလားတို့ကို ပိုင်ဆိုင်ထားတဲ့ လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့က အခြေအနေကောင်းနေပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒီဘရိုင်းကလည်း ဒီရာသီမှာ မန်စီးတီးအသင်းအတွက် အကောင်းဆုံး ကစားထားပေးသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သူရဲ့ဂိုးဖန်တီးမှု အကြိမ်ရေ (၁၈)ကြိမ်ထိ ရှိထားခဲ့သလို အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ မာနေးကတော့ ဒီရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်အောင် ကူညီပေးထားနိုင်သူဖြစ်ပြီး သွင်းဂိုး(၁၆)ဂိုး ရယူထားနိုင်ခဲ့ကာ အသင်းနဲ့လည်း ဥရောပစူပါဖလား ကမ္ဘာ့ကလပ်ချန်ပီယံဆုတွေကိုပါ ပိုင်ဆိုင်ထားပါတယ်။