မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဗန်ပါစီကတော့ တစ်ရာသီမှာ ပင်နယ်တီ (၂၁) ကြိမ် ရရှိတယ် ဆိုရင် အများကြီး တိုက်စစ်ဆင်ကစားလို့ ဖြစ်တယ်လို့ ပြောခဲ့ပြီး မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ကမ္ဘာ့အဆင့် ပင်နယ်တီ ကန်သွင်းသူလို့ ချီးကျူးသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံမှာ ပင်နယ်တီ (၂၁) ကြိမ် ရရှိခဲ့တာကြောင့် ဥရောပ တစ်ခွင်မှာ ပင်နယ်တီ အများဆုံး ရရှိတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ရုံမက အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပင်နယ်တီ အများဆုံး ရရှိတဲ့ အသင်း အဖြစ် မှတ်တမ်းခဲ့ပါတယ်။

Photo Credit: Goal

ဗန်ပါစီက “တစ်ရာသီမှာ ပင်နယ်တီ (၂၁) ကြိမ် ရတယ် ဆိုရင် ဒါက အများကြီး တိုက်စစ်ဆင်ကစားတယ် ဆိုတာကို ပြသနေပါတယ်။ ပင်နယ်တီ အချို့က ပင်နယ်တီ ပေးသင့်၊ မပေးသင့် ပြောချင်စရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တိုက်စစ်ဆင်ကစားနေတယ် ဆိုရင် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးနိုင်ပါတယ်။ မန်ယူအသင်း ပင်နယ်တီ အများကြီး ရတာက ကောင်းတဲ့ အရာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဗန်ပါစီကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ (၄) နှစ်အတွင်း ပင်နယ်တီ တစ်ခါမှ မလွဲဖူးတာကြောင့် ကမ္ဘာ့ အဆင့် ပင်နယ်တီ ကန်သွင်းသူ ဖြစ်ပါတယ်လို့ ထပ်လောင်းချီးကျူးသွားလိုက်ပါတယ်။

Photo Credit: Goal

ဗန်ပါစီက “ဖာနန်ဒက်စ်က ပင်နယ်တီကန်တဲ့ အချိန်မှာ ကိုယ်ပိုင်ဟန်ရှိတယ်။ ဒါပေမယ့်လည်း ကျွန်တော် သဘောကျတာက သူ ရောပစ်လိုက်တာကိုပါပဲ။ သူက ပင်နယ်တီမကန်ခင် ခုန်လည်း မခုန်ဘူး။ ဒါက ကျွန်တော့်အတွက် ထူးဆန်တယ်။ ဘာလို့လဲဆိုရင် ဒါက ကျွန်တော် ပင်နယ်တီ ကန်နေကျ ပုံစံနဲ့မတူလို့ပါ။ ဒါပေမယ့် သူ ပင်နယ်တီကို (၄) နှစ်အတွင်း မလွဲခဲ့ပါဘူး။ ကိုပင်ဟေဂင် ပွဲစဉ်မှာ သူ ပင်နယ်တီကန်တဲ့ ပုံစံကို ပြောင်းလဲခဲ့တယ်။ ဂိုးသမားက စောင့်နေတုန်းမှာ သူ အမြန်ကန်လိုက်တယ်။ ဒါက ဘာကို ပြပေးသလဲ ဆိုရင် သူက ကမ္ဘာ့ အဆင့် ပင်နယ်တီ ကန်တဲ့ သူ ဆိုတာပ။ ဘာလို့လဲဆိုရင် သူက ပင်နယ်တီကန်တဲ့ ပုံစံတွေ အားလုံးကို ရောပစ်နိုင်တယ်။ ပင်နယ်တီ ကန်တဲ့ အချိန်မှာ ဘယ်ညာသွားကြတယ်၊ ခုန်ကြတယ်။ ဒါပေမယ့် သူက အံ့ဝင်ခွင့်ကျလုပ်နိုင်တယ်။ ဒါက သူ ကမ္ဘာ့အဆင့် ကစားသမား ဆိုတာ ပြသပါတယ်”လို့ ပြောခဲ့ပါတယ်။