ယမန်နေ့မှာပဲ အသက် ၃၈နှစ်ပြည့်ခဲ့တဲ့ နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရော်ဘင် ဗန်ပါစီကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီအား ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်အသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့တဲ့ ရော်ဘင် ဗန်ပါစီဟာ မက်ဆီကို သဘောကျသူ တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့အတွက် မွေးနေ့ဆုတောင်း ပေးခဲ့တဲ့ ပို့စ်အောက်မှာ မက်ဆီကို ခေါ်ယူဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Setty News

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗန်ပါစီရဲ့ ၃၈နှစ်ပြည့် မွေးနေ့နဲ့ ပတ်သတ်ပြီး “ငါတို့ရဲ့ အကောင်းဆုံး မွေးနေ့ဆုတောင်းတွေကို မင်းဆီ ပို့လိုက်တယ် ဗန်ပါစီရေ” လို့ ဆုတောင်းပေးခဲ့တာ ဖြစ်ကာ ဗန်ပါစီကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မွေးနေ့ဆုတောင်းပို့စ်အောက်မှာ မက်ဆီကို ခေါ်ပေးပါလို့ တောင်းဆိုခဲ့တာပါ။

ဗန်ပါစီက – “ကျေးဇူးတင်ပါတယ် မန်ချက်စတာ ယူနိုက်တက်ရေ။ ကျေးဇူးပြုပြီးတော့ မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာပေးပါဦး” လို့ ရေးသားကာ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Setty News

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေဟာ ဗန်ပါစီရဲ့ တောင်းဆိုမှုကို သဘောကျနေကြပြီး ဘာစီလိုနာ ကြယ်ပွင့်ဟောင်း မက်ဆီက သူတို့အသင်းမှာ လာရောက် ကစားတာကို မြင်တွေ့လိုကြောင်း အသီးသီး ပြောဆိုနေကြပါတယ်။

ဒါပေမယ့် အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး လာမယ့် ရက်သတ္တပတ် အတွင်းမှာပဲ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။