အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကတော့ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က တိုက်စစ်မှူး ဗန်ပါစီ နဲ့ ကွင်းလယ်လူ နာဆရီတို့ပဲ သူနဲ့ အဆင့်တူ ဖြစ်တယ်လို့ ပြောခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်ခဲ့တာကြောင့် ဖိအားတွေ ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ် နည်းပြဟောင်း အာစင် ဝင်ဂါးဟာ (၂၀၀၃) ခုနှစ်မှာ ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်ကို ဘာစီလိုနာ အကယ်ဒမီ လာမာစီယာအသင်းကနေ ခေါ်ယူခဲ့ပြီး ဖာဘရီဂတ်စ်ဟာ အာဆင်နယ် ပထမအသင်းမှာ အသက်အငယ်ဆုံးနဲ့ ပွဲထွက် ကစားခွင့်ရတဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ်။

Photo Credit: Goal

စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံ (၃၀၃) ပွဲ ကစားခဲ့ပြီး ကွင်းလယ်ကနေ အနီးကပ် ပေးပို့မှု၊ အဝေး ဖြန့်ပို့မှု နဲ့ ဘောလုံးထိန်းဟန်ကြောင့် အာဆင်နယ် ပရိသတ်တွေရဲ့ အကြိုက် ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ အာဆင်နယ်အသင်းမှာ (၉) နှစ်ကြာ ကစားစဉ်အတွင်း အက်ဖ်အေ ဖလား (၁) ကြိမ်ပဲ ရရှိခဲ့တာကြောင့် ဆုဖလား ရရှိနိုင်ဖို့အတွက် အသင်း ပြောင်းခဲ့ပြီး (၂၀၁၁) ခုနှစ်မှာ အရင်က ကစားခဲ့ဖူးတဲ့ စပိန်မြေက ဘာစီလိုနာအသင်းကို ပြန်လည် ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဖာဘရီဂတ်စ်က “ကျွန်တော် အသင်းခေါင်းဆောင် ဖြစ်ခဲ့တယ်။ ကျွန်တော် ဖိအားတွေ များစွာ ခံခဲ့ရတယ်။ ကျွန်တော် အသင်းကို တစ်ခုခု ရရှိဖို့ ဦးဆောင်ခဲ့တယ်။ ကျွန်တော် အရာအားလုံး ပေးဆပ်ခဲ့တယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ ပွဲရှုံးပြီး အိမ်ပြန်ရတဲ့ အချိန်မှာ ငိုလေ့ရှိတယ်။ ဒီလို နှစ်အနည်းငယ်ကြာ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ကောင်းစွာ ကစားခဲ့တယ်။ အဲဒီလို အချိန်ဆို ကျွန်တော် ပျော်တယ်။ ဒါပေမဲ့ ကျွန်တော် အသင်းကို ဦးဆောင်ဖို့ ဖိအားတွေ များနေခဲ့တယ်။ တစ်ခါတစ်လေ ကျွန်တော် အထီးကျန်တယ်။ အထူးသဖြင့် နောက်ဆုံး (၂) နှစ် ဒါမှမဟုတ်ရင် (၃) နှစ်မှာပါ။ ဗန်ပါစီ နဲ့ နာဆရီပဲ စိတ်ဓါတ်ပိုင်းအရရော နည်းစနစ်ပိုင်းအရရော ကျွန်တော်နဲ့ တန်းတူ အဆင့် ဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ Arseblog မှာ ပြောကြားခဲ့ပါတယ်။