MySport Myanmar

ဘာစီလိုနာအသင်းအတွက် ကစားပေးချင်ခဲ့တယ်လို့ ဗန်ပါစီ ဝန်ခံ

နယ်သာလန်တိုက်စစ်မှူးဟောင်းကြီးနဲ့ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ရော်ဘင် ဗန်ပါစီက သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံးသော နောင်တတစ်ခုအဖြစ် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားခွင့် မရခဲ့ခြင်းဖြစ်ကြောင်း နယ်သာလန် Podcast တစ်ခုမှာ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူပြီးနောက် အခုအခါ ဖီယင်နုအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဗန်ပါစီကို စပိန်ဘောလုံးလောကမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲက ဖြစ်ရပ်နဲ့ အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက နယ်သာလန်က စပိန်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ချိန် စပိန်ဂိုးသမား ကာဆီးလက်စ်ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တဲ့ သူရဲ့ ဒိုင်ဗင်ထိုးခေါင်းတိုက်ဂိုးမှာ ယနေ့တိုင် ပြောစမှတ်တွင်နေဆဲ ဖြစ်ပါတယ်။

Photo Credit : El Imparcial

နယ်သာလန်အားကစားသမားများအကြောင်းကို အဓိက တင်ဆက်တဲ့ “SEG Stories” အမည်ရ နာမည်ကြီး Podcast တစ်ခုမှာ ဗန်ပါစီက သူရဲ့ အကောင်အထည်မပေါ်ခဲ့တဲ့ ဘာစီလိုနာအပြောင်းအရွှေ့အကြောင်းကို ပြန်လည် ပြောပြလာခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ မန်ယူနိုက်တက်နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်နဲ့ နယ်သာလန် ကစားသမားဟောင်း ကီဗင် စထရွတ်မန်းတို့လို နာမည်ကြီး ပုဂ္ဂိုလ်များလည်း ပါဝင်ခဲ့ပါတယ်။

အဲ့ဒီစကားဝိုင်းမှာ ဗန်ပါစီက ဘာစီလိုနာအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ကစားခွင့်ရရန်မှာ သူရဲ့အိပ်မက်ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်က ဘာစီလိုနာအသင်းအတွက် အမြဲတမ်း ကစားပေးချင်ခဲ့တာပါ။ ၂၀၁၅ ခုနှစ် ကျွန်တော် ဖီနာဘာချီအသင်းမှာ ကစားနေတုန်းကပေါ့၊ ကျွန်တော့်ရဲ့အေးဂျင့်က ဘာစီလိုနာအသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေကြောင်း လာပြောတယ်။ အဲ့ဒီတုန်းက တကယ်ဖြစ်လာနိုင်ခြေရှိတဲ့ အခွင့်အရေးတစ်ခုပါပဲ။”

Photo Credit : The Busby Babe

“ဒါပေမဲ့ ခဏအကြာမှာတော့ သူပြန်ဆက်သွယ်လာပြီး ဒီအပြောင်းအရွှေ့က ဖြစ်မလာနိုင်တော့ဘူးလို့ ပြောခဲ့တယ်။ တကယ်ကို ဖြစ်မလာခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော် သူတို့အသင်းဆီ ပြောင်းချင်တဲ့စိတ် အရမ်းပြင်းပြခဲ့တာပါ။” လို့ ဗန်ပါစီက ဘာစီလိုနာအသင်းဆီ မပြောင်းခဲ့ရတဲ့အကြောင်းကို ပြန်ပြောင်းပြောဆိုလာခဲ့ပါတယ်။

ဗန်ပါစီကို ဘာစီလိုနာက စိတ်ဝင်စားခဲ့တဲ့ ၂၀၁၅ ခုနှစ်အချိန် အသင်းနည်းပြမှာ လူးဝစ် အင်းနရစ်ဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကလည်း ကမ္ဘာကျော် MSN သုံးယောက်တွဲဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ ရှိနေပြီး ဖြစ်ပါတယ်။ နည်းပြ အင်းနရစ်က အဲ့ဒီတိုက်စစ်သုံးယောက်တွဲကို အနားပေးနိုင်မယ့် အရံတိုက်စစ်မှူးကောင်းတစ်ဦးကို ရှာဖွေနေခဲ့ရာ နယ်သာလန်တိုက်စစ်မှူးရဲ့ ပုံစံမှာ အဲ့ဒီနေရာအတွက် အံဝင်ခွင်ကျ ဖြစ်နေခဲ့တာကြောင့် ကမ်းလှမ်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် ဖီနာဘာချီအသင်းက ပြောင်းရွှေ့ကြေးမြင့်မားစွာ တောင်းဆိုခဲ့တဲ့အပြင် ကစားသမားရဲ့ လစာမြင့်မားမှုတို့ကြောင့် အပြောင်းအရွှေ့မှာ ပျက်ပြယ်ခဲ့ရပါတယ်။

Exit mobile version