ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ နယ်သာလန်က အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် နယ်သာလန်နည်းပြ ဗန်ဟားလ်က သူတို့အသင်းဟာ ပင်နယ်တီ ကန်သွင်းမှုကို ၁နှစ်လုံးလုံး လေ့ကျင့်ခဲ့ပေမယ့် တကယ့်ပြိုင်ပွဲမှာ အဆင်မပြေဖြစ်ခဲ့ကြောင်း ငြီးငြူသွားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့က ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားကြတဲ့ အသင်းတွေပီပီ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲမှာ နှစ်သင်းလုံးက အားသွန်ခွန်စိုက် ကြိုးစား ကစားခဲ့ကြပြီး ပွဲကလည်း အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါပွဲမှာ အာဂျင်တီးနားက နယ်သာလန်ကို ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လိမ္မော်ရောင်တပ်သားတွေက ရေကုန်ရေခမ်း ကြိုးစား ကစားခဲ့တာကြောင့် ပွဲပြီးဆုံးဖို့ စက္ကန့်ပိုင်းသာ လိုအပ်တော့ချိန်မှာ အရေးပါတဲ့ ဒုတိယ ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး သာမန် ပွဲကစားချိန်ဟာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

သာမန် ပွဲကစားချိန် အတွင်းမှာ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားရာမှာလည်း တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အာဂျင်တီးနားက ကစားသမား ၅ဦး ကန်သွင်းရာမှာ ၄ဦး ပင်နယ်တီ ဝင်ခဲ့ကာ နယ်သာလန်ကတော့ ကစားသမား ၅ဦး ပင်နယ်တီ ကန်သွင်းရာမှာ ၃ဦးသာ ပင်နယ်တီ ဝင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

နယ်သာလန် ၂-၂ အာဂျင်တီးနား ပွဲအပြီးမှာတော့ နယ်သာလန်နည်းပြ ဗန်ဟားလ်က သူတို့အသင်းဟာ ၁နှစ်လုံးလုံး ပင်နယ်တီ ကန်သွင်းမှုတွေကို လေ့ကျင့်ခဲ့ပေမယ့် ပြိုင်ပွဲအရောက်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရလို့ ရင်နာရကြောင်း ဆိုလာပါတယ်။

ဗန်ဟားလ်က – “ကျွန်တော်တို့က ဒီတနှစ်လုံး ပင်နယ်တီ ကန်သွင်းမှုကို လေ့ကျင့်ခဲ့ကြတာပါ။ ဒါတောင်မှ ကျွန်တော်တို့က ပင်နယ်တီ အဆုံးအဖြတ် ခံယူချိန်မှာ အတော်လေး အခြေအနေ ဆိုးခဲ့ပါတယ်။ ဒါကလည်း ဖိအားတွေကြောင့်ပါ။ ကျွန်တော်တို့က ပင်နယ်တီ ဘယ်လိုကန်မလဲ ၊ ပင်နယ်တီ မကန်ခင် ဘယ်လိုအယောင်ပြမလဲ ဆိုတာကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါပေမယ့် ပင်နယ်တီ ကန်ချိန်မှာ ဖိအားတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုတော့ လေ့ကျင့်ပေးလို့ မရဘူးလေ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။