MySport Myanmar

နယ်သာလန်က ကမ္ဘာ့ဖလားကို ရယူနိုင်စွမ်း ရှိတယ်လို့ ကြွေးကြော်လိုက်တဲ့ ဗန်ဟား

နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ လူးဝစ် ဗန်ဟားကတော့ သူ့ရဲ့ နယ်သာလန်အသင်းဟာ မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံဆုကို အရယူနိုင်စွမ်း ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ဗန်ဟားက ယမန်နေ့မှာပဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် နယ်သာလန်အသင်းရဲ့ လူစာရင်းကို ထုတ်ပြန် ကြေညာခဲ့ပြီး ဗန်ဒိုက် ၊ ဒီလစ် ၊ ဒီပေး ၊ ဒီယောင် ၊ ဂတ်ပို ၊ အကီ ၊ တင်ဘား စတဲ့ ကြယ်ပွင့် ကစားသမားတွေက နယ်သာလန်ရဲ့ လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဒါ့အပြင် ဗန်ဟားက သူ့ရဲ့ လူစာရင်းထဲမှာ ဆိုင်မွန် ၊ ဖရင်းပေါင် ၊ မာလာစီယာတို့လို လူငယ်ခြေတက် ကစားသမားတွေကိုပါ ထည့်သွင်းခဲ့သလို ဘလိုင်း ၊ လုခ် ဒီယောင် စတဲ့ နိုင်ငံတကာ အတွေ့အကြုံရင့် ကစားသမားတွေကိုပါ ခေါ်ယူလာခဲ့တာကြောင့် နယ်သာလန်ဟာ အတွေ့အကြုံရင့် ကစားသမားတွေ ၊ အရည်အသွေးမြင့် ကစားသမားတွေနဲ့ လူငယ်ကြယ်ပွင့်တွေ အချိုးကျ ပေါင်းစပ်ထားတဲ့ အသင်းတသင်းလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက နယ်သာလန်ဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်း ၁၀သင်းထဲမှာ ပါဝင်နေတယ်လို့ သုံးသပ်ထားကြပြီး နယ်သာလန်နည်းပြ ဗန်ဟားကလည်း သူ့ရဲ့ အသင်းဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

Photo Credit: Euro Sports

ဗန်ဟားက – “ကျွန်တော်တို့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရာခိုင်နှုန်းများတဲ့ အသင်းပါ။ တခြားအသင်းတွေရဲ့ နည်းပြတွေက ဒီလို စကားမျိုး ပြောရဲမယ် မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ပြောရဲပါတယ်။ နယ်သာလန်က ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်ရော ၊ ကျွန်တော့်ရဲ့ ကစားသမားတွေကပါ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ချင်ကြပါတယ်” လို့ ကြွေးကြော်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version