၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဗန်ဟားလ်ကတော့ သူဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားရှုံးပွဲ အတွက် အာဂျင်တီးနားကို ရှုံးကြွေး ပြန်ဆပ်ခိုင်းမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြုံးဝါးသွားခဲ့ပါတယ်။

ဗန်ဟားလ်ရဲ့ နယ်သာလန်က ၁၆သင်း ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် တဖက်မှာ ဩစတေးလျကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရလာတဲ့ အာဂျင်တီးနားနဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပြီး သူတို့နှစ်သင်းရဲ့ ကြားထဲမှာ ကျောင်းတော်က ရန်စတွေလည်း ရှိနေပါသေးတယ်။

Photo Credit: Mirror

အဲ့ဒါကတော့ ဗန်ဟားလ် တယောက် နယ်သာလန်ကို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက ဗန်ဟားလ်ရဲ့ နယ်သာလန်ကို ဆီမီးဖိုင်နယ် အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဗန်ဟားလ်က မကြာခင် ကစားရတော့မယ့် ကွာတားဖိုင်နယ်ပွဲမှာ အာဂျင်တီးနားကို ပြန်လည် လက်စားချေနိုင်ဖို့ မျှော်လင့်နေပြီး သူတို့အသင်းဟာ အာဂျင်တီးနားကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

အာဂျင်တီးနားကို လက်စားချေမယ့် အကြောင်းအား ဗန်ဟားလ်က – “ကျွန်တော်ကတော့ ကွာတားဖိုင်နယ်အဆင့် ရောက်နေတာကို အောင်မြင်မှု တရပ်လို့ မထင်သေးပါဘူး။ ကျွန်တော်တို့က အာဂျင်တီးနားကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အရာအားလုံးက ဖြစ်နိုင်ချေ ရှိပါတယ်။ ကျွန်တော်တို့က အာဂျင်တီးနားကို အနိုင်မယူနိုင်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က အာဂျင်တီးနားကို လက်စားချေဖို့ လိုသေးတယ်လေ” လို့ ကြုံးဝါးသွားခဲ့တာပဲ ဖြစ်ပါတယ်။