MySport Myanmar

တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက် နည်းပြရာထူးကို လက်မခံသင့်ဘူးလို့ ဗန်ဟားလ် သတိပေး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ဒတ်ချ်လူမျိုး ဝါရင့်နည်းပြကြီး လူးဝစ်ဗန်ဟားလ်က လတ်တလောမှာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ဂ်ကို ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့သလို ယူနိုက်တက်ကလည်း ဘောလုံးအသင်းတစ်သင်းမဟုတ်ဘူးလို့ပါ ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ ဒတ်ချ်လူမျိုး ဘောလုံးနည်းပြတန်ဟက်ဂ်ဟာ အသင်းကို အကောင်းဆုံး အနေအထားထိရောက်အောင်နဲ့ လူငယ်ကစားသမားလေးတွေကို မြေတောင်မြှောက်ပေးပြီး အသင်းရဲ့ဘဏ္ဍာရေး ပိုမိုတောင့်တင်းမှု ရှိလာစေအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သူရဲ့အရည်အသွေးကောင်းတွေကြောင့် နည်းပြရှာပုံတော်ဖွင့်နေတဲ့ ယူနိုက်တက်အသင်းက တန်ဟက်ဂ်ကို အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားချင်နေသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတောင် တန်ဟက်ဂ်နဲ့ အင်တာဗျူးတွေအထိပါ ပြုလုပ်ဖြစ်ခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit : The Sun

ဒီလို ယူနိုက်တက်အသင်းနည်းပြအဖြစ် ရေပန်းစားလို့နေရတဲ့ နည်းပြတန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြဟောင်းဖြစ်ခဲ့ပြီး အသင်းကနေ ထုတ်ပယ်ခံခဲ့ရဖူးတဲ့ နည်းပြကြီး ဗန်ဟားလ်က တန်ဟက်ဂ်အနေနဲ့ ဘောလုံးလောကမှာ စီးပွားဖြစ်ရေးကိုသာ ဦးစားပေး လုပ်ဆောင်နေတဲ့ ယူနိုက်တက်လို အသင်းမျိုးထက် ဘောလုံးအသင်း ပိုဆန်တဲ့ အသင်းမျိုးကိုသာ ရွေးချယ်သင့်တယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဟားလ်က “တန်ဟက်ဂ်က အရမ်းကို ထက်မြက်တဲ့ ထိပ်တန်းနည်းပြတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက်ဆိုရင်လည်း တကယ့်ကို ကောင်းမွန်တဲ့ နည်းပြမျိုးပါ။ ဒါပေမယ့် သူတို့က စီးပွားရေး အသင်းတစ်သင်း ဖြစ်နေတယ်။ ဒါကကျတော့ နည်းပြတစ်ယောက်အတွက် ခက်ခဲတဲ့ ရွေးချယ်မှုတွေ ဖြစ်စေတယ်။ တန်ဟက်ဂ်အနေနဲ့ကတော့ စီးပွားရေးဆန်တဲ့ အသင်းမျိုးထက် ဘောလုံးအသင်း တစ်သင်းကိုသာ ရွေးချယ်သင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဟားလ်ဟာ ယူနိုက်တက်အသင်းကို ၂၀၁၄ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူရဲ့ပထမရာသီမှာ အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာရအောင် စွမ်းဆောင်နိုင်ခဲ့သလို ဒုတိယရာသီမှာ အက်အေဖလား ရယူပေးခဲ့ပေမယ့် အက်အေချန်ပီယံဖြစ်ပြီး (၂)ရက်အကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Exit mobile version