MySport Myanmar

နယ်သာလန်က ဗိုလ်လုပွဲဆီ ရောက်မယ်လို့ အခိုင်အမာ ပြောလိုက်တဲ့ ဗန်ဟားလ်

ကမ္ဘာ့ဖလား အုပ်စုAရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့သလို ၁၆သင်းအဆင့်မှာ အမေရိကန်နဲ့ ထိပ်တိုက် တွေ့ဆုံနေတဲ့ နယ်သာလန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဗန်ဟားလ်ကတော့ သူတို့အသင်းဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ ကျိန်းသေပေါက် ရောက်လိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဗန်ဟားလ်ရဲ့ နယ်သာလန်က ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ကာတာ ၊ အီကွေဒေါ ၊ ဆီနီဂေါတို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ ၂ပွဲနိုင် ၁ပွဲသရေ ကျခဲ့ပြီး သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ကာ ပေးဂိုးကလည်း ၁ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက နယ်သာလန်ဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ကျော်ဖြတ်ကာ အနိမ့်ဆုံး ကွာတားဖိုင်နယ်အဆင့်ထိ ရောက်လိမ့်မယ်လို့ သုံးသပ်ထားကြပြီး နယ်သာလန်နည်းပြ ဗန်ဟားလ်ကတော့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ အမြင်ကို သဘောမကျပဲ သူ့အသင်းဟာ ဗိုလ်လုပွဲအထိ ရောက်လိမ့်မယ်လို့ ဆိုလာပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဗန်ဟားလ်က သူ့အသင်းရဲ့ ကစားပုံကို ဝေဖန်ခဲ့တဲ့ သတင်းထောက် တယောက်ကို “မင်းက ငါ့အသင်းရဲ့ ကစားပုံကို မခံစားနိုင်ရင် သတင်းရေးစားမနေနဲ့။ ပြီးတော့ မင်းက မနက်ဖြန်ပဲ အိမ်ကို ပြန်သွားရင် ကောင်းမယ်” လို့ ပြန်လည် တုံ့ပြန်ခဲ့ပြီး အဆိုပါ သတင်းထောက်ကလည်း “ကျွန်တော်က ကမ္ဘာ့ဖလားဗိုလ်လုပွဲ အထိ ဒီမှာ ဆက်နေဦးမှာ” လို့ ဗန်ဟားလ်ကို ခွန်းတုံ့ပြန်ခဲ့ပါတယ်။

Photo Credit: The Sun

အဲ့ဒီအချိန်မှာတော့ ဗန်ဟားလ်က “အေး။ ဒါဆို မင်းက ငါ့နဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ထပ်တွေ့ဦးမှာပေါ့” လို့ ပြန်လည် ပြောဆိုခဲ့ကာ သတင်းထောက် တဖွဲ့လုံးက ဗန်ဟားလ်ရဲ့ စကားမှာ ပွဲကျသွားခဲ့ပါတယ်။ ဗန်ဟားလ်က ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်ထဲက သူ့ရဲ့ နယ်သာလန်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ ရောက်လိမ့်မယ်လို့ အတိအလင်း ထုတ်ဖော် ပြောကြားထားသူပါ။

Exit mobile version