မန်ချက်စတာယူနိုက်တက်အသင်းမှာ နှစ်ရာသီလောက် ကိုင်တွယ်သွားခဲ့တဲ့ နာမည်ကျော် နယ်သာလန်လူမျိုး ဝါရင့်နည်းပြကြီးဖြစ်တဲ့ လူးဝစ်ဗန်ဟားက Four-Four-Two အားကစားသတင်းမီဒီယာနဲ့ အင်တာဗျူးလုပ်ခဲ့စဉ်အတွင်း သူယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက အသင်းအတွက် တကယ့်ကို ဒိတ်ဒိတ်ကြဲ ကစားသမားတွေဖြစ်တဲ့ နေမာ ရောဘတ်လီဝန်ဒေါစကီး ဆာဒီယိုမာနေးတို့ကို ခေါ်ယူခဲ့ချင်ပေမယ့် ခေါ်ယူဖို့ မအောင်မြင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နယ်သာလန်လက်ရွေးစင်အသင်း ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ လူးဝစ်ဗန်ဟားဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ နယ်သာလန်အသင်းကနေ ယူနိုက်တက်အသင်းနည်းပြအဖြစ် ပြောင်းလဲကိုင်တွယ်ခဲ့တာဖြစ်ပြီး သူကိုင်တွယ်ခဲ့စဉ်အတွင်း အသင်းကို မာစီယဲလ် ဒီပိုင်း ဒီမာရီယာ ဖယ်ကာအိုတို့လို ကြယ်ပွင့်ကစားသမားတွေ အားဖြည့်ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း သူတကယ်လိုချင်ခဲ့တဲ့ ကစားသမားတွေများစွာကိုတော့ ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးလို့ ရင်ဖွင့်လာခဲ့ပါတယ်။ ဗန်ဟားက “’ကျွန်တော် လီဝန်ဒေါစကီးကို လိုချင်ခဲ့တယ်။ ဒါပေမယ့် ရရှိနိုင်ဖို့ အရမ်းခက်ခဲနေတဲ့အတွက် ဟီဂွာအင်ကိုပဲ ပြောင်းလဲပစ်မှတ်ထားခဲ့သေးတယ်”

Photo Credit : Teamtalk

“ကျွန်တော် ယူနိုက်တက်ရဲ့နည်းပြအဖြစ် တာဝန်မယူခင်ကတည်းက ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး နေမာကို ခေါ်ယူဖို့အထိပါ ပြောဆိုခဲ့ကြသေးတယ်။ ခင်ဗျားအနေနဲ့ ယူနိုက်တက်လို အသင်းမျိုးကို ရောက်နေပြီဆိုရင် ကြီးကြီးမားမားတွေ တွေးထားဖို့လိုမယ်။ အသင်းအတွက် အရမ်းကို လျင်မြန်ဖြတ်လတ်လွန်းတဲ့ တောင်ပံကစားသမားတစ်ယောက်ကိုလည်း ကျွန်တော်လိုချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်မာနေးနဲ့ မာရက်ဇ်တို့ကို ခေါ်ယူဖို့ ကြိုးစားသေးတယ်။ သောမတ်စ်မူလာကိုလည်း ကျွန်တော်ရဲ့အဝယ်စာရင်းထဲမှာ ထည့်သွင်းထားသေးတယ်။ ကန်တီနဲ့ ဂျိမ်းစ်မီနာလို အသက်အရွှယ်ပိုင်း ကြီးရင့်နေသူကိုတောင် ကျွန်တော်ခေါ်ယူခဲ့ချင်သေးတာ။ ခံစစ်ပိုင်းအတွက်ကတော့ ဆာဂျီယိုရာမို့စ်နဲ့ မတ်စ်ဟမ်းမဲလ်တို့ကို အလိုရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းက အားနည်းနေတာကို။ ဒါတွေအားလုံးက ကျွန်တော်ရဲ့အဓိကပစ်မှတ်တွေပါပဲ။ ဒါပေမယ့်လည်း သူတို့တွေထဲက တစ်ယောက်မှကို ကျွန်တော်မခေါ်နိုင်ခဲ့ဘူး။ ဘာကြောင့်မခေါ်နိုင်ခဲ့တာလည်းဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်က ကစားသမားခေါ်ယူမှုအတွက် ညှိနှိုင်းမှုတွေလည်း မပါဝင်ရဘူးလေ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။