မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရာဖေးလ်ဒါဆေးဗားက ယူနိုက်တက်မှာ သူရှိစဉ်အခါ နည်းပြလူးဝစ်ဗန်ဟားနဲ့ ဆုံတွေ့ခဲ့စဉ်တုန်းက ဗန်ဟားရဲ့ချောင်ထိုးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး သူရဲ့ခြေစွမ်းတွေကို ထုတ်ဖော်ပြသမှု မလုပ်ဆောင်ရခင်မှာပဲ သူ့ကို ယူနိုက်တက်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အသိပေးပြောဆိုခဲ့ကြောင်း ပြန်လည်ဖွင့်ဟလာခဲ့သလို သူ့အတွက် ဗန်ဟားဟာ တကယ့်ကို အဆိုးရွှားဆုံးနည်းပြတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

အသက်(၃၀)အရွှယ်ရှိ ဘရာဇီးနောက်ခံကစားသမား ရာဖေးလ်ဟာ ယူနိုက်တက်အသင်းမှာ (၇)နှစ်လောက်အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး နည်းပြကြီးဖာဂူဆန်ရဲ့လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ဗန်ဟားရောက်လာချိန်မှာတော့ ရာဖေးလ်ဟာ ပွဲထွက်ကစားခွင့်တွေ ဆုံးရှံးခဲ့ရပြီး တစ်နှစ်အကြာမှာပဲ လိုင်ယွန်အသင်းဆီကို အပြီးသတ်ရောင်းချခံခဲ့ရပါတယ်။ ဗန်ဟားနဲ့ပတ်သက်ပြီး ရာဖေးလ်က “ယူနိုက်တက်မှာ ဗန်ဟားနည်းပြဖြစ်လာတော့ သူငယ်ချင်းတွေက ကျွန်တော့်ကိုပြောကြတယ်။ ဗန်ဟားက ဘရာဇီးကစားသမားသမားတွေကို လုံးဝမကြိုက်လို့ အသင်းကို သူရောက်လာတာနဲ့ မင်းကို အသင်းကနေ ထုတ်လိမ့်မယ်ဆိုပြီး ပြောလာကြတယ်”

“တကယ်တမ်း သူအသင်းကို ရောက်လာတော့ ကျွန်တော့်ကို ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ စကားလုံးဝမပြောဘူး။ ဒုတိယနေ့ကျတော့ သူကျွန်တော်ကို စကားလာပြောတယ်။ မင်းအသင်းကနေ ထွက်နိုင်တယ်တဲ့။ ကျွန်တော်က သူရဲ့လက်အောက်မှာ လေ့ကျင့်ခန်းတောင် မဆင်းရသေးချိန်မှာ သူ့ဆီကနေ ဒီလိုစကားမျိုးကို ကြားလာရတာ ယုံတောင်မယုံနိုင်ဘူး။ ရိုင်ယန်ဂစ်ကတော့ ကျွန်တော့်ဘက်ကနေ အများကြီးကာကွယ်ပြောဆိုပေးတယ်။ နောက်တစ်ကြိမ်လည်း သူ့ကျွန်တော်ကို ဒီစကားပဲ ပြောလာတယ်။ ကျွန်တော့်ကို ဘာလို့ဒီလိုပြောရတာလဲ မေးကြည့်လိုက်တော့ ငါမင်းကို ဒီရာသီမှာ ပေးမကစားနိုင်ဘူး။ မင်းအသင်းကနေ ထွက်ခွာချင်တယ်ဆိုရင်လည်း ထွက်သွားနိုင်တယ်လို့ပဲ သူကပြန်ပြောခဲ့တယ်။ ကျွန်တော်လည်း ဟုတ်ပြီ ကျွန်တော် ကျွန်တော့်နေရာရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်မယ်။ ကြိုးစားသွားမယ်လို့ ပြန်ပြောပြီး အသင်းမှာ တစ်နှစ်တာလောက်အထိ ဆက်ရှိနေခဲ့တယ်။ ကျွန်တော့်အတွက်တော့ အရမ်းကို ခက်ခဲလွန်းခဲ့တယ်။ သူက ကျွန်တော်လက်တွဲခဲ့ဖူးသမျှ နည်းပြတွေ အားလုံးထဲမှာတော့ တကယ့်ကို အဆိုးရွှားဆုံးပါပဲ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ရာဖေးလ်ဟာ လက်ရှိမှာတော့ တူရကီကလပ် အစ္စတန်ဘာရှက်ဆီဟီအသင်းမှာ ပါဝင်ကစားလို့နေပါတယ်။