MySport Myanmar

သုတ်ရည်ဂလင်းကင်ဆာကို ခံစားနေရကြောင်း ဖွင့်ဟ ပြောပြလာတဲ့ ဗန်ဟားလ်

ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဝါရင့်နည်းပြကြီး ဗန်ဟားလ်ကတော့ သူဟာ လက်ရှိအချိန်မှာ သုတ်ရည်ဂလင်းကင်ဆာနဲ့ ရင်ဆိုင်နေရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလာပါတယ်။

အသက် ၇၀ အရွယ် ဝါရင့်နည်းပြကြီး ဗန်ဟားလ်ဟာ ဘောလုံးလောကရဲ့ သက်တော်ရှည် ပုဂ္ဂိုလ်တွေထဲက တဦး ဖြစ်သလို သူ့ရဲ့ အတွေးအခေါ်တွေ ၊ ပွဲတပွဲအပေါ် အသေးစိတ် ချဉ်းကပ်မှု ပုံစံတွေ ၊ တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေကြောင့် ဘောလုံးပရိသတ်တွေ ကြားထဲမှာ နာမည်ကျော်ပါတယ်။

Photo Credit: The Guardian

ဗန်ဟားလ်ဟာ ၂၀၁၇ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြဘဝကို စွန့်ခွာကာ အနားယူခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုအရ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာသလို နယ်သာလန်ကိုလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရအောင် ဦးဆောင်ပေးနိုင်ခဲ့သူပါ။

လက်ရှိမှာတော့ ဗန်ဟားလ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နဲ့အတူ အောင်မြင်မှုတွေ ရရှိဖို့ အတွက် အသေးစိတ် ပြင်ဆင်မှုတွေ ပြုလုပ်နေသလို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူဟာ ပြင်းထန်တဲ့ သုတ်ရည်ဂလင်းကင်ဆာကို ခံစားနေရကြောင်း ထုတ်ဖော် ပြောကြားရင်း သူ့ရဲ့ ရောဂါနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: The Guardian

ဗန်ဟားလ်က – “ကျွန်တော်က သုတ်ရည်ဂလင်းကင်ဆာနဲ့ ပတ်သတ်ပြီး ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ကျွန်တော်က ကောင်းမွန်တဲ့ ကုသမှုတွေ ခံယူခဲ့ရတယ်လို့ပဲ ပြောပါတော့။ ဒီကိစ္စကို ကျွန်တော့်ရဲ့ မိသားစုနဲ့ ဆွေမျိုးအနည်းငယ်ပဲ သိကြပါတယ်။ သူတို့ကလည်း ဒါကို လျို့ဝှက်ချက် တရပ်အနေနဲ့ ထိန်းသိမ်းခဲ့ကြတာပါ။ ကျွန်တော်က လက်ရွေးစင်အသင်းကို ကိုင်တွယ်နေရင်းနဲ့ ညတိုင်း ညတိုင်း ဆေးရုံတက်ပြီး ဆေးကုသမှုတွေ ခံယူခဲ့ရပါတယ်။ ဒါကို ကစားသမားတွေတောင် သိမယ် မထင်ပါဘူး။ သုတ်ရည်ဂလင်းကင်ဆာကြောင့် ကျွန်တော် မသေနိုင်ပါဘူး။ ဒါပေမယ့် ဒီကင်ဆာရောဂါကြောင့် အတော်လေး ခံစားခဲ့ရပါတယ်။ ကျွန်တော်က ဓာတ်ရောင်ခြည်ကုသမှုကို ၂၅ကြိမ်တောင် လုပ်ဆောင်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version