နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ လူးဝစ် ဗန်ဟားလ်ကတော့ သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဘယ်လ်ဂျီယံကို အနိုင်ရခဲ့ပေမယ့် သူတို့ရဲ့ ခြေစွမ်းဟာ အဆိုးဝါးဆုံး အနေအထား တရပ်မှာ ရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်က နေးရှင်းလိဂ် ပထမတန်း အုပ်စု(၄)ရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် အုပ်စု ဒုတိယ နေရာမှာ ရှိနေတဲ့ ဘယ်လ်ဂျီယံကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ခံစစ်မှူး ဗန်ဒိုက်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ဘယ်လ်ဂျီယံကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အုပ်စု(၄)ရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဆီ ကျော့ကျော့မော့မော့ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

နယ်သာလန်နိုင်ငံ ၊ အမ်စတာဒမ်မြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို အသုံးပြုကာ ကစားခဲ့ကြပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းကလည်း များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် အိမ်ရှင် နယ်သာလန်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ဘယ်လ်ဂျီယံထက် ခြေစွမ်း ပိုကောင်းခဲ့သလို အနိုင်ရလဒ်ကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံလို အင်အားကြီးအသင်း တသင်းကို အနိုင်ရရှိခဲ့တာဟာ နယ်သာလန် အတွက် အားတက်စရာ တခု ဖြစ်ပေမယ့် နယ်သာလန်နည်းပြ ဗန်ဟားလ်ကတော့ အသင်းရဲ့ ခြေစွမ်းပိုင်းကို သဘောမကျသေးပဲ သူတို့အသင်းဟာ တိုးတက်လာတာ မှန်ပေမယ့် ခြေစွမ်းပိုင်းက အတော်လေးကို ဆိုးရွားနေသေးကြောင်း ပွဲအပြီးမှာ မှတ်ချက်ချသွားခဲ့ပါတယ်။

Photo Credit: Standard

ဗန်ဟားလ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့က ဘောလုံးကို မကြာခဏ ဆုံးရှုံးခဲ့ရပါတယ်။ ရိုးရှင်းလွန်းပါတယ် ဆိုတဲ့ အခြေအနေတွေမှာပါ ဘောလုံးဆုံးရှုံးမှုတွေ ရှိခဲ့တာပါ။ ပိုလန်နဲ့ပွဲကလိုပါပဲ။ ဒီပွဲမှာ ဘောလုံးဆုံးရှုံးမှုက ပိုတောင် များနေဦးမယ်လို့ ထင်ပါတယ်။ ဒါကလည်း ဘယ်လ်ဂျီယံလို ဖိအားပေးပုံ ကောင်းမွန်တဲ့ အသင်းမျိုးနဲ့ ကစားရလို့ ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အကောင်းကြီး မဟုတ်သေးပါဘူး။ ဘယ်လ်ဂျီယံက ထိပ်တန်းအဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကောင်း တသင်းပါ။ သူတို့မှာ ဒီဘရိုင်းနားနဲ့ ဟာဇက်လို ကစားသမားမျိုးတွေ ရှိပါတယ်။ သူတို့နှစ်ယောက်လုံးက ကမ္ဘာ့အဆင့် ကစားသမားတွေပါ။ ပြီးတော့ ဘယ်လ်ဂျီယံရဲ့ ခံစစ်ကစားပုံက ဒီနေ့မှာ အတော်လေးကို ကောင်းခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့တယ်လို့ ပြောရင် မှားမယ်တောင် မထင်ပါဘူး။ ကျွန်တော်ကတော့ ကစားသမားတွေကို သူတို့ရဲ့ ခြေစွမ်းတွေ အရမ်း ဆိုးရွားခဲ့တဲ့ အကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဂိုးသွင်းခွင့်တွေတော့ များများစားစား ခွင့်မပြုခဲ့ရပါဘူး။ ဒါက ကောင်းတဲ့ အချက်ပါ” လို့ ပြောကြားသွားခဲ့တာပါ။